တငွေ့ငွေ့ရွေ့လျားနေတဲ့
စက်ဗီဇလမ်းမတစ်ခုပေါ်
သူ့ကိုယ် သူတောင်ပြန်မအေးနိုင်ရှာတဲ့လေထဲ
ကျ
လာ
တ ယ်
အဖြူထည်သက်သက်ပါပဲ
နှင်း တွေ . . . ။ ။
ကဗျာတွေကို လှည်းနဲ့သယ်မယ်ဆိုပဲ
နိပ်ပဟ... ဆွဲလိုက်စမ်းကိုယ့်လူ...။
ဘယ်ဘက်ကကောင်
အနုပညာပိုးတွေက အရွယ်နဲ့မလိုက်အောင်
နုထွားကြီးဖြစ်လို့...
စကားလုံးတွေ စကားလုံးတွေ
စိတ်ရှိလက်ရှိ ပစ်ပစ်ထုတ်
ခင်ဗျားရင်အုပ်လည်း မောင်ချောပြောသလို
ကြက်ရင်အုပ် သာသာရယ်...။
လျှာမရှည်တတ်တဲ့ ကောင်မှာ
ဆံပင်ရယ် အရပ်ရယ်က သာမန်ထက်ပိုရှည်လို့...။
ညာဘက်ကကောင်
ထွေထွေထူးထူး မရှိတာတွေပေါင်းစပ်ထားတဲ့ကောင်
တချက်တချက် ပြင်းသယောင် ပျော့သယောင်
ဟိုမရောက် ဒီမရောက်တွေ လှစ်လှစ်ပြတတ်တယ်...။
ကတုံးဆံပင်ပေါက်ကိုမှ သေမလောက်ကြိုက်တယ်...
မူးလာရင် မိုက်ကယ်စကိုဖီးလ် ဖြစ်လို့ဖြစ်
ကိုလေးဖြူ ဖြစ်လို့ဖြစ်နဲ့.....။
အဲသလို... အဲသလို...
ကိုယ်လုံးကိုယ်ဖန်မှာ ဆန့်ကျင်တဲ့လူနှစ်ယောက်
ရင်ဘတ်ချင်းကြ အံဝင်ခွင်ကျ ဖြစ်နေပြန်ရော...။
အဲဒီငတိနှစ်ကောင်က
ကျွတ်ထိုးသလို အဆက်မပြတ် ထိုးထိုးတတ်လာတဲ့
ကဗျာပိုးတွေကို လှည်းနဲ့တင်သယ်ဦးမတဲ့...။
ဟုတ်ကဲ့...
ကျွန်တော်တို့ ရင်ဘတ်တွေနဲ့
ဒီလှည်းကို ဆွဲမယ်..
ကျွန်တော်တို့ စကားလုံးတွေနဲ့
ဒီလှည်းကို တန်ဆာဆင်မယ်...
ကျွန်တော်တို့ စိတ်တွေကို
ဒီလှည်းလေးမှာ နစ်မြုပ်မယ်...
ကျွန်တော်တို့နဲ့ သက်ဆိုင်တာတွေ
အားလုံးအားလုံးကို ပစ်ပစ်တင်ချလိုက်မယ်...။
ကဲ... မိတ်ဆွေ...
လှည်းကြုံလိုက်မယ်ဆို ခုန်သာတက်လိုက်တော့...။ ။