ကျွန်တော့်အသိတွေ အ၀ိဇ္ဇာဖုံးလို့ မှောင်မိုက်နေတယ် အမေ …
ကျွန်တော့်စိတ်တွေ မောဟဖုံးလို့ ပူလောင်နေတယ် အမေ …
(၂၇.၀၁.၂၀၀၇)
ဟိုး … အဝေး အမေ့အိမ်လေးမှာ
မေတ္တာပန်းတွေ ဝေဆာပုံက
နှိုင်းဖက်စရာ မရှိဘူး အမေရယ် …
ကိုယ့်တဏှာစက်ဘီးလေးကိုယ် နင်းပြီး
သံသရာတစ်ပတ် ပတ်ရတာလဲ
မောလို့ မောရကောင်းမှန်းမသိ
ရင်ဘတ်ကြီး တစ်ခုလုံး ဟုန်းကနဲ မီးတောက်မှ
အာမေဍိတ်သံ ပြင်းပြင်ထွက်ကျတယ်
“အမေ”
သားလေ
ဆိတ်တစ်ပေါက် ပုံပြင်ကိုလည်း လွမ်းတယ်
ပေါင်မုန့် ထန်းလျက်ရည်ဆမ်းလေးလည်း လွမ်းတယ်
ခရမ်းသီးမီးဖုတ်လေးလည်း လွမ်းတယ်
အဖေမကြိုက်လို့ ခိုးခိုးချက်တဲ့
အမေ့လက်ရာ ကြက်ဟင်းခါးသီးချက်လေးလည်း လွမ်းတယ်
အလွမ်းတကာ့ အလွမ်းတွေထဲ
အမေချော့သိပ်ပုံတွေက ထူးကဲလွန်းတယ် … အမေ ။
အိမ်ဝေးတဲ့ အချိန်
အလွမ်းသည်းပုံများ
စနေထောင့်က ညို့တက်လာပြန်ပြီ … အမေရယ် ။
မေတ္တာသံတွေ ဆာလောင်မွတ်သိပ်တဲ့ လူငယ်တစ်ယောက်
“ကမ္ဘာပေါ်က အသံလှိုင်းများပေးပါ … အသံလှိုင်းများ … ပေးသနားပါ … ”
တကြော်ကြော်အော်ဟစ်လို့
အမေ့အတွက် နားကြပ်တစ်စုံ အိပ်မက်ခဲ့တယ် … အကြားအာရုံများ ပေးသနားပါ ။
သုံးနှစ် သုံးမိုး စုဆောင်းမိတဲ့ အိပ်မက်တွေထဲ
အမေဟာ ဖုန်းမိုက်ခွက်ကိုကိုင်ပြီး စကားတွေလှိုင်လှိုင်ပြောခဲ့တယ်
အဲဒီနေ့ သားအိပ်မက် မီးလင်းဖိုလေးဘေး
နှစ်ခြိုက်အိပ်စက်ခဲ့တယ် ။
ကမ္ဘာ့နေရာအချို့မုန်တိုင်းများ တိုက်ခတ်တဲ့အခါ
အမေ့ရင်ခွင်မှာ မေတ္တာလေပြေ သင်းပျံ့ပါတယ်
ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်ရက်စက်မှုများ ထွန်းကားသည့်အခါ
အမေ့ရင်ခွင်မှာ အကြင်နာဓာတ်များ ဖူးပွင့်ပါတယ်
ကမ္ဘာကြီးပူနွေးလာတဲ့ သတင်းတွေသာ ပိုပိုကြားလာမိတယ်
အမေ့မေတ္တာပူလောင်တဲ့ သတင်းများ ခပ်သဲ့သဲ့မျှ မကြားမိပါအမေ … ။
ကမ္ဘာကြီး ယိုယွင်းလာတာနဲ့အမျှ
တန်ဖိုးရှိ ရှားပါးတွေကို မြတ်နိုးလာတတ်ကြပြီ
အဲသလိုမှဖြင့်
သားပြတိုက်မှာ တန်ဖိုးအရှိဆုံးက အမေ့မေတ္တာ
အမေ့ပြတိုက်မှာ အရှားပါးဆုံးက သားဆီကစာတွေပဲထင်ပါရဲ့ အမေ … ။
အမေနဲ့ ဝေးပြီးကတည်းက
အမေပျိုးတဲ့ သစ်ပင်လေး
စာရိတ္တသစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေ
စိတ်ဓာတ်တွေက အရိုးအပြိုင်းပြိုင်းထခဲ့ပြီအမေ … ။
နှင်းတွေက ရှိသမျှအရာဝတ္ထုတွေကို ဖုံးလွှမ်းအေးစက်စေတယ်
အမေ့မေတ္တာက ရှိသမျှသားသမီးကို ဖုံးလွှမ်းအေးမြစေတယ်
အေးခြင်းဆိုတဲ့ အရာနှစ်ခု လားလားကြီး ဆန့်ကျင်ဘက်ပြုလို့ပေါ့ အမေ ။
အဖြူရောင်မြို့တော်မှာ
ပုရှကင် ၊ တော့စ်တွိုင်း ၊ မာယာကော့ဗ်စကီး
သူတို့အတ္ထုပ္ပတ္တတွေ ခမ်းနားတယ်အမေ
သားရင်ဘတ်မှာ
အမေ့အလှတွေ မဟာဆန်ပုံက
လျှပ်စစ်မီး ထိန်ထိန်ညီးတဲ့ ဟောဒီမြို့ပြ မှိန်ကျသွားရှာတယ် ။
အမေ …
ရင်ထဲမှာ သိမ်သိမ်မွေ့မွေ့လေး ရေရွတ်ရင်း
ကျွန်တော့် နှလုံးသား ကျောက်စာမှာ
သည်လိုပဲရေးခြစ်ခဲ့ပါတယ်
ကောင်းကင်မှာလမင်း မြေပြင်မှာစမ်းရေ … ။ ။
ရိုးမြင့်အောင်
(ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀ မှ - )