အပင်းဆို့နေတဲ့ကောင်




အတန်တန်တားထားရက်နဲ့
စည်းပေါက်သွားတဲ့ ငါ့နှလုံးသားကို
ညည်းက
(ညည်းရဲ့) ချစ်ခြင်းတွေနဲ့ အပင်းသွင်းခဲ့တယ်
မထွေးနိုင် မအန်နိုင်
အတိအကျကိုပဲ မဟန်နိုင်ခဲ့ပါဘူး ။

ဟောဒီ မြောက်ဘက်မှာ
လေသရမ်းလေးစွက်လို့
မျက်စောင်းလေးများ ညပ်လာရင်ဖြင့်
အဘရဲ့ ဆေးကြိမ်လုံးကိုလည်း
ငါလုံးလုံးမမှုပေဘူး
စုန်းရှိမှ ရွာတည်လို့ရကြေးဆို
ငါ့ရဲ့ မြောက်ဘက်တောင်ကုန်းကို
ရွာလုံးလုံးပြုလို့ရပြီကွဲ့ ။

အတွေးအမြင် ပြတ်တာနဲ့
ရင်ဘတ်ကိုပြေး ပြေးကပ်လာတဲ့
အို... ပြုစားရက်သူကြီးငဲ့
မငြင်းပါနဲ့ကွယ်
ညည်းက ၀မ်းတွင်းစုန်းပါတဲ့
ညည်းမျက်စောင်း တွေက သက်သေခံနေတယ်လေ ။

ခုလည်း
အပြုစားခံထားရမှန်းသိရက်နဲ့
ညည်းရှေ့များရောက်ရင်
အပင်းသွင်းခံထားရတဲ့ နှလုံးသားကို
ဖုန်လေး စတိသဘောသုတ်
အဟုတ်ကြီးမှတ်နေတုန်းပဲ ။

ဗသားချော

ခန္ဓာတစ်ခုစီးပြီး ခရီးနှင်ကြမယ်


အခန်းဟာ တိတ်ဆိတ်လာတယ်
တိတ်ဆိတ်တယ်ဆိုတာထက်
ပျော်ရွှင်စိုးရွံ့စွာနဲ့ ငြိမ်သက်လို့
အသက်ရှုသံအချို့
ကြားလာတယ်
နောက်... စူးစူးဝါးဝါးအော်ငိုသံ...။

ဝင်ကစွပ်ကောင်တွေလို
ခန္ဓာတစ်ခုစီးပြီး စိတ်တစ်ခုခရီးနှင်ကြမယ်
ဘယ်လဲ... ဘယ်ကိုလဲ
ကျွန်တော်လား... ဟို... အဲ... ဒီနေရာဗျာ...
ခင်ဗျားရော...

အခန်းဟာတိတ်ဆိတ်သွားတယ်
ဝမ်းနည်းကြေကွဲခြင်းတွေနဲ့တိတ်ဆိတ်သွားတယ်
ရှိုက်သံအချို့
ကြားမိသလို
နောက်... စူးစူးဝါးဝါးအော်ငိုချလိုက်တယ်...။

ရိုးမြင့်အောင်

ပြင်ဦးလွင်












Images Link (1) (2)

ပြင်ဦးလွင်

ဟိုး ... WTC ပြိုမကျခင်က
သူမဟာ
ပန်းနုရောင်သန်းလို့ပေါ့
အပြောင်းအလဲ ခေတ်ရေစီး
လူ့ဇာတ်ခုံကြီးကျယ်လာ
ကမ္ဘာကြီးပူနွေးလာပြန်တော့
သူမက
ဟိုတယ်ဆန်ဆန်
အနီရောင်ပန်းပန်လို့ ။

ဗသားချော
(၂၀၀၆)

ကမ်းပါး

ရှေ့က….
အသစ် အသစ်တွေရော
စီးပြီး ၊ စီးလို့ ၊ စီးဖို့………..
ကြည်လိုက် ၊ နောက်လိုက် ၊ အေးလိုက် ၊ ပူလိုက် ၊
ကွေ့ကောက် ရှုပ်ထွေး ၊ အမြှုပ်ထလိုထ
မစို့မပို့လေးနဲ့ပဲ
ငါ့ကို
နောက်ဆုံးတော့ …
တို က် ..စား …သွား …..ကြ …….ေ ရာ ။ ။

ဗသားချော
(၂၀၀၇)

`၀ိုင်မူးသော ၀ါကျမှတ်စုများ´



ထုံးစံအချို့သည်
ခေတ်နှင့်အညီ လိုက်လျောညီထွေခြင်း မရှိသောငှာ
ဝါးမျိုခြင်းခံကြရ၏ ။

ပတ်ဝန်းကျင်ဆိုသည်ကား
တစ်ခါတစ်ရံ၌
ပတ်ပတ်လည်မှ ၀န်းရံကာ ကျင်တတ်ကြလေသည် ။

ဂုဏ်သိက္ခာဟု မကြာခဏရေရွတ်ကြသူများသည်
လမ်းခင်းကျောက်များအပေါ်ဖြတ်သွားသည့်အခါ
ခြေထောက်နှစ်ချောင်းထက်လေးလံသည့်
ကားဘီးလေးခုကို အသုံးပြုကြသည် ။

အမြင့်ဂုဏ်သို့
ငွေစက္ကူခင်း၍ တက်လှမ်းရန်ကြိုးစားသောအခါ
မှော်မုန်တိုင်းပြင်းစွာတိုက်ခတ်၍ မခံနိုင်ကြကုန် ။

ဝိဘဇ္ဇအရေခြုံပြီး
ယောင်တောင်ပေါင်တောင်ဖြစ်နေကြသူအများစုသည်
ဗုဒ္ဓ၀ါဒီများသာဖြစ်သည် ။

မျက်ရည်အချို့သည်
သုတ်ပစ်ရန်အထူးမလိုအပ်လှသောကြောင့်
လှပစွာ စီးဆင်းကုန်ကြသည် ။

တခါတရံ
စာအများကြီးသော်လည်း မဖတ်ပဲ
စကားလုံးအများကြီးသော်လည်း မလိုအပ်ပဲ
လှပသပ်ရပ်စွာ သိမြင်နေမှုသည်
ရင်ဘတ်ထဲမှလာသော စာနာမှုသာဖြစ်သည် ။

ဗသားချော

 
©2009 က+ဗျာ+လှည်း | by TNB