26
Sep
2009

ဘုရားသခင်မရှိတဲ့နေရာ


ဘုရားသခင်မရှိတဲ့နေရာ

စစ်တုရင် ကစားသလို
နယ်ရုပ်များ ....
ပထမတန်း (သို့ ) ရှေ့တန်း
လောဘတွေ ခတ်တဲ့ပွဲမှာ
မြေဇာလက်
မြေဇာခြေ
မြေဇာအသက်
ပေါချက်ကတော့
လက်နဲ့သဲ့ယူယုံနဲ့ ပါလာလိုက်တာများ
နာမည်တွေ ဖောခြင်းသောခြင်း

အသွားမတော် တစ်လှမ်းလို့
တစ်ဖွဖွ ရွတ်
ဘုန်းကြီးတစ်ပိုင်း
ရွတ်ဖတ်သရဇ္ဇယ်
အာဝေနိကဒုက္ခပါပဲ

ပေးစာတစ်စောင်
ပေးစာအားလုံး ရေးနေကြတာ
“ စတာလင်ဂရက်မှာတော့ ဘုရားသခင်မရှိဘူး ဖေဖေ ” *
ဘယ်နှစ်ကြိမ်မှန်းမသိနိုင်တော့တဲ့
ငိုပွဲကြားက ပြောလိုက်ပါတယ်
ဟောဒီ စစ်တုရင်ခုံပေါ်မှာလည်း ............ ။

ဗသားချော

* Letters from Stalingrad (ဘာသာပြန်ဆိုသူ) ဘသန်း (ဓမ္မိက)

12
Sep
2009

လက်ဆောင်

photo link

လက်ဆောင်

ကျုပ်က အတ္တကြီးတတ်တာလည်း
ညည်းအသိ ....
ထီး အနီရောင် တစ်လက်
မိုးခွင့် မရှိသေးတော့လည်း
မပေးနိုင်သေးဘူး
သနပ်ခါးရေကျဲ
ကောက်ကြောင်းဆွဲပြီး
လေထဲလွင့်မယ့် ရနံ့တွေအတွက်
ရင်ဘတ်က ခွင့်မပြုပြန်ဘူး ။

ဆက်သွယ်မှု ဧရိယာပြင်ပက အသံ
ကြားနိုင်ဖို့ ဟန်ကလွဲပြီး
အဆံမရှိတဲ့ ကျုပ်မှာတော့
သင်္ကြန်အမြောက်ပေါ့
စာတစ်တန် ပေတစ်တန်နဲ့
အလွမ်းဘွဲ့တွေရေး
ရင်ဘတ်ကို နွှေးနေရတုန်း ။

လှပ်လှပ်လေးပါးနေတဲ့ ဖ၀ါး
နင်းသွားမယ့်လမ်းမှာ
ညည်းကမ်းတဲ့လက်နဲ့
အသက်ဆက်နေရတယ် ။

စိတ်သွားတိုင်း ကိုယ်မပါ
ပါးစပ်ကပါပြီး လက်ကမပါနိုင်သေး တဲ့ ကျုပ်မတော့
ကျေးဇူး ဥပကာရ နဲ့
စကားလုံးတွေ ဖိသိပ်
ဟောဒီ ရင်ဘတ် တံဆိပ် ခတ်နှိပ်လိုက်ပါတယ် ။


ဗသားချော



03
Sep
2009

ရေစကြို


ကားလှည်းစွတ်ကြောင်း
နှစ်လမ်းသွား လမ်းဆွယ်ထိပ်
ထနောင်း ဆူးတွေကြားမှာ
ဖိနပ်မစီးပဲ လျှောက်တယ်

ကိုကြီးကျော်နဲ့ သားစိုးလည်း အဆင်ပြေ
တမာတောမှာလည်း ပျော်တယ်
အဆင်မပြေတာတွေလည်း အဆင်မပြေသေးတာပေါ့
ကား ရထားများ လာတိုင်း
ထွန်တုံးရပ်ပြီး ကြည့်နေတုန်း
အိပ်မက်တွေဟာ
သူမ အတွက် ပိုပြီး အိပ်မက်ဆန်နေတုန်းပဲ

သူ့ရာသီနဲ့သူ စောစောစီးစီး အရူးရင့်ရတယ်
ဥတုသုံးပါးလုံး သနပ်ခါးလိမ်းထား
လောလောဆယ်တော့ သူက ညိုချော

ထန်းလက် ယပ်တောင် တဖျပ်ဖျပ်ခတ်
ရ - ရေစကြို
ပူသယ်ဗျို ... ။ ။
(ဒီနေရာမှာ တမင် ဒေသအသံနဲ့ သယ် (တယ်) လို့ ရေးထားတာပါ )

ဗသားချော

 
©2009 က+ဗျာ+လှည်း | by TNB