မသိလိုက်ဘာသာပဲ ဖြတ်ကျော်သွားသူတွေအတွက်
သမားရိုးကျဆိုတဲ့နေ့စွဲတစ်ခုကို
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ဒုတိယမြောက်ဆုံမှတ်
စမ်းချောင်းအနီးမှာ ...
အမျိုးမျိုးသော ဆန်းသစ်တီထွင်သုံးစွဲမှု
ဘာသာစကား အညွှန့်အဖူးများနဲ့
အမှတ်ရချက်တွေပေါင်းစုပြီး
ဘ၀ထဲက အထင်ကရနေ့စွဲတစ်ခုအဖြစ်
လက်မှတ်ရေးထိုးခဲ့ကြတယ် ။
အလွဲတွေဝေဆာနေတဲ့
စနစ်တကျမှားယွင်းမှု ယန္တရားထဲ
မျှော်လင့်ခြင်းမှိုင်းတွေအောက်
လောင်းရိပ်သင့် သစ္စာပန်းများရဲ့
ကြော်ငြာအားနည်းသော ရနံ့များ
သင်းပျံ့မွှေးထုံစေဖို့
စမ်းချောင်း နံဘေးမှာထပ်မံစိုက်ပျိုးခဲ့ပါတယ်
ရဲရင့်နီစွေးသော သစ္စာပန်းများ ။
မြင့်မြတ်သူတို့ရဲ့ အသက်ဟာ
သစ္စာတရားနဲ့ ပျိုးယူရတာဖြစ်တာမို့
တစ်ခါတလေမှာ ရိုးသားရတာဟာ
ထင်သလောက်ပျော်စရာမကောင်းတဲ့အကြောင်း
တစ်ချို့တစ်ချို့ တွေအတွက် ခါးသီးစရာဆိုပေမယ့်
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ သစ္စာတရားဟာ
ပလတ်စတစ်နဲ့ ပြုလုပ်ထားတာ မဟုတ်တဲ့အကြောင်း
ပိုက်ဆံဆိုတာတိပ်ကပ်ပါမှ စစ်တယ်ဆိုတဲ့
ကားစပါယ်ယာရဲ့စကားလို
ဘုရားကပေးတဲ့ ဆုလာဘ်အတွက်
ကျွန်တော်တို့ ထက်အောင်သွေးမယ်ဆိုတဲ့အကြောင်း
ရဲရင့်နီစွေးသော သစ္စာပန်းများက ပြောပါတယ် ။
ဦးနှောက်ရင့်သန်သူတို့ရဲ့
နှလုံးသားကို လစ်လျူရှုခြင်းက
သူတို့တွေ နှာခေါင်းရှုံ့တဲ့အောက်က
အသက်မွေးဝမ်းကျောင်းမှုသာသာပဲဆိုတာ
ရဲရင့်နီစွေးသော သစ္စာပန်းများက ပြောတယ်
၅၀ကျပ်တန်တို့ ရင်သပ်ရှုမောရတဲ့
၅၀၀၀ကျပ်တန်တို့ရဲ့ ဂုဏ်သိက္ခာ အရောင်းမြှင့်တင်ပွဲက
အရောင်မွဲမွဲ အခွံသက်သက်ဖြစ်တယ်ဆိုတာကို
ရဲရင့်နီစွေးသော သစ္စာပန်းများက ပြောတယ်
အို ... သစ္စာတရား
သဟဇာတမကျခြင်းများ ရောပြွမ်းနေသော်လည်း
စနစ်တကျလွဲချော်မှု ယန္တရားကြီးကိုကျောခိုင်းပြီး
သဘာဝတရားအား ရိုးသားစွာချစ်မြတ်နိုးသော
နှလုံးသားဖြင့်ရင်းသည့် သစ္စာပန်းများ
ရဲရင့်နီစွေးသော သစ္စာပန်းများ ပွင့်လန်းပါစေ
ရဲရင့်နီစွေးသော သစ္စာပန်းများ ပွင့်လန်းပါစေ
ရဲရင့်နီစွေးသော သစ္စာပန်းများ ပွင့်လန်းပါစေ
ဗသားချော
21.06.10
21Jul2010
21
Jul
2010
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့အင်ပါယာ
Subscribe to:
Posts (Atom)