ဘယ်ကို ပြေးပြေး
အဲ့ဒီအရိပ်အောက်က မလွတ်တော့ဘူး
ညီမလေးရေ
ဘယ် ဖတ်စာအုပ်ထဲမှာမှ မပါတဲ့ သင်ခန်းစာတဲ့
ငါတို့ ကျောင်းပြေးခဲ့ကြတယ်
ကြေညက်အောင် မသင်မိခဲ့တဲ့ ဘာသာဗေဒမှာ
ကျကျနနကို ရှုံးနှိမ့်ခဲ့ကြတာပေါ့ကွယ် ။
ဘယ်ကို ပြေးပြေး
အဲ့ဒီအရိပ်အောက်က မလွတ်တော့ဘူး
ညီမလေးရေ
ဘယ် ဖတ်စာအုပ်ထဲမှာမှ မပါတဲ့ သင်ခန်းစာတဲ့
ငါတို့ ကျောင်းပြေးခဲ့ကြတယ်
ကြေညက်အောင် မသင်မိခဲ့တဲ့ ဘာသာဗေဒမှာ
ကျကျနနကို ရှုံးနှိမ့်ခဲ့ကြတာပေါ့ကွယ် ။
နီလာရေ … သူငယ်ချင်းရေ
နွေ မိုး ဆောင်း သုံးကြိမ်ပြောင်းခဲ့ပေမယ့်
ရိုးသားမှုတွေဟာ ဟောင်းမြဲ ကောင်းဆဲ
နှလုံးသားများ (ထာဝရ) ဆွတ်ဆွတ်ဖြူဆဲ … ။
ရိတ်သိမ်းခြင်းမရှိတော့တဲ့ ခင်မင်မှုတွေကြား
နေ ၊ လ ၊ ကြယ်တာရာ အစီအရီ ထွန်းလင်းကြ
တစ်ဦးအပူ တစ်ဦးကူငြှိမ်းဖို့
အပျော်အပြက် စကားလုံးများ
ငါတို့ အဇ္ဈတ္တထဲ ရေတံခွန် တစ်ခုလို
ဝေါကနဲ ဝေါကနဲ ထိုးဆင်းကျ … ။
နီလာရေ …
ကတ္တရာ မလောင်းမချင်းတော့
ဖြုံးလမ်းလည်း နင်းရမှာပဲ
မာယာများတဲ့ ပန်းခင်းထဲ
လေညှင်းတိုက်တာက အစ
အန္တရာယ်ရနံ့ ရတတ်ရဲ့ … ။
ကိုယ့်အိပ်မက်လေး ဆက်မက်ဖို့
ခေါင်းအုံးကို လှည့်လှည့်အိပ်ရ
အိပ်မက်များကြောင့် အိပ်ရေးပျက်ရတဲ့အခါ
သွားရမယ့်ခရီး ဝေးလွန်းလို့ အားလျော့မိတဲ့ခါ
ပိုလီယာနာ မင်းအနားရှိပါလိမ့်မယ် … ။
နီလာရေ …
ဟောဒီ မိုးကိုက ခေါင်နိုင်လွန်းပါတယ်
ငါတို့အပေါ်ကျ မက်မက်စက်စက်ရွာမချခဲ့
နောက်ကမ္ဘာသစ်ပင်များ စမ်းလန်းရေးထက်
လက်ရှိကမ္ဘာလေးကို ရေဖူလုံအောင် ရုန်းကန်နေရ
လက်ညှိုးထိုးမိသမျှ ငါတို့ ကန္တာရတွေ ချည်းပါပဲ … ။
နေ့စည် ဖြစ်ရိုးဖြစ်စဉ် ပြကွက်များ
အချို့စုပ်တသပ်သပ်
အချို့ ရယ်ရယ်မောမော
အချို့ ၀မ်းနည်းပူဆွေး … ။
ရိုးရိုးလေးလှတဲ့ ညဟာ
တစ္ဆေခြောက် ပုံပြင်တွေ
လမိုက်ညတွေ
တိတ်ဆိတ်ခြင်းတွေနဲ့
တန်ဆာဆင်ထားသတဲ့
ဒါဟာလည်း ရသတစ်မျိုးပဲပေါ့ … ။
မပြည့်စုံခြင်းဆိုတာတွေ မေ့ထားလိုက်ပြီ
ကမ္ဘာကြီး လှပတဲ့အကြောင်း
ရင်ခွင်တော် စိမ်းလန်းစိုပြေကြောင်း
ချစ်သူနှစ်ဦးကြား နားလည်မှု အဆုပ်အခိုင်လိုက် ဖူးပွင့်ကြောင်း
နံနက်တေးသံသာများ ခံစားနိုင်ကြောင်း
သူငယ်ချင်းရေ …. ဒီလိုတွေးမိပြန်တော့
ငါတို့ဘ၀ဟာ အရသာခါးခါးနဲ့ စွဲမက်စရာအတိ ။ ။
ရိုးမြင့်အောင်