ကိုက်လမ်း

Image from Google

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ။

ခု ... ...
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့။ ။
မောင်ချောနွယ်




* ဆရာချော အား သတိရခြင်းများစွာဖြင့်

နီလာ


နီလာရေ … သူငယ်ချင်းရေ

နွေ မိုး ဆောင်း သုံးကြိမ်ပြောင်းခဲ့ပေမယ့်

ရိုးသားမှုတွေဟာ ဟောင်းမြဲ ကောင်းဆဲ

နှလုံးသားများ (ထာဝရ) ဆွတ်ဆွတ်ဖြူဆဲ … ။

ရိတ်သိမ်းခြင်းမရှိတော့တဲ့ ခင်မင်မှုတွေကြား

နေ ၊ လ ၊ ကြယ်တာရာ အစီအရီ ထွန်းလင်းကြ

တစ်ဦးအပူ တစ်ဦးကူငြှိမ်းဖို့

အပျော်အပြက် စကားလုံးများ

ငါတို့ အဇ္ဈတ္တထဲ ရေတံခွန် တစ်ခုလို

ဝေါကနဲ ဝေါကနဲ ထိုးဆင်းကျ … ။

နီလာရေ …

ကတ္တရာ မလောင်းမချင်းတော့

ဖြုံးလမ်းလည်း နင်းရမှာပဲ

မာယာများတဲ့ ပန်းခင်းထဲ

လေညှင်းတိုက်တာက အစ

အန္တရာယ်ရနံ့ ရတတ်ရဲ့ … ။

ကိုယ့်အိပ်မက်လေး ဆက်မက်ဖို့

ခေါင်းအုံးကို လှည့်လှည့်အိပ်ရ

အိပ်မက်များကြောင့် အိပ်ရေးပျက်ရတဲ့အခါ

သွားရမယ့်ခရီး ဝေးလွန်းလို့ အားလျော့မိတဲ့ခါ

ပိုလီယာနာ မင်းအနားရှိပါလိမ့်မယ် … ။

နီလာရေ …

ဟောဒီ မိုးကိုက ခေါင်နိုင်လွန်းပါတယ်

ငါတို့အပေါ်ကျ မက်မက်စက်စက်ရွာမချခဲ့

နောက်ကမ္ဘာသစ်ပင်များ စမ်းလန်းရေးထက်

လက်ရှိကမ္ဘာလေးကို ရေဖူလုံအောင် ရုန်းကန်နေရ

လက်ညှိုးထိုးမိသမျှ ငါတို့ ကန္တာရတွေ ချည်းပါပဲ … ။

နေ့စည် ဖြစ်ရိုးဖြစ်စဉ် ပြကွက်များ

အချို့စုပ်တသပ်သပ်

အချို့ ရယ်ရယ်မောမော

အချို့ ၀မ်းနည်းပူဆွေး … ။

ရိုးရိုးလေးလှတဲ့ ညဟာ

တစ္ဆေခြောက် ပုံပြင်တွေ

လမိုက်ညတွေ

တိတ်ဆိတ်ခြင်းတွေနဲ့

တန်ဆာဆင်ထားသတဲ့

ဒါဟာလည်း ရသတစ်မျိုးပဲပေါ့ … ။

မပြည့်စုံခြင်းဆိုတာတွေ မေ့ထားလိုက်ပြီ

ကမ္ဘာကြီး လှပတဲ့အကြောင်း

ရင်ခွင်တော် စိမ်းလန်းစိုပြေကြောင်း

ချစ်သူနှစ်ဦးကြား နားလည်မှု အဆုပ်အခိုင်လိုက် ဖူးပွင့်ကြောင်း

နံနက်တေးသံသာများ ခံစားနိုင်ကြောင်း

သူငယ်ချင်းရေ …. ဒီလိုတွေးမိပြန်တော့

ငါတို့ဘ၀ဟာ အရသာခါးခါးနဲ့ စွဲမက်စရာအတိ ။ ။


ရိုးမြင့်အောင်

အဝေးမှာ မြင်နေရတဲ့ ကြယ်




















ဘယ်လို ဆုံချက်မျိုးနဲ့ တို့တတွေ

အလင်းပြန်မိကြသလဲ

ကိုယ့် ကြယ် ။


ရင်ထဲ သွန်ပစ်လိုက်တဲ့ အတွေးမို့

ညဟာ အိပ်မက် အသိုးတွေနဲ့ ဖိတ်စင်

နှပ်မှန်အောင် မက်ခဲ့

ပြီးပါပြီ ။


လူတွေ အိပ်မောကြကုန်ကြပြီပေါ့ကွယ်

ကိုယ့်မှာ အဝေးက ကြယ်ကလေးကို လွမ်းလို့ ။

၂၈၊၁၁၊၂၀၁၀။

ပန်း ပွင့် နေ့ရက်များ















Photo Link

စိတ်ကူးလား အတွေးလား မျှော်လင့်ချက်လား
ချစ်ရောင်ခြည် လင်းခဲ့သော နေ့စွဲများ
အနှေးမှ အမြန် ဖြစ်ပျက်ပြောင်းလဲနေသော
ကံစီမံရာ အရောင်အသွေးများ
မျက်လုံးများဖြင့် ဆွံ့အနေခဲ့သော
နားလည်မှု စိတ်မီးပုံးပျံများ
ကျောက်ဖယားမြစ်ပြင်ပေါ်မှ
အိပ်မက်ဆန်သော ပြကွက်များနှင့်
စီးဆင်းနေသော မေတ္တာ တရား အလုံးအရင်း များ
အဲဒီည က ဆေးပေါင်းခပါတယ်
ကျွန်တော် တို့မှာ ဒဏ်ရာတွေ အဝေးသို့လွင့်စင်
ကြယ်ထောင့်ကွေး လောကအကန့်အသတ်လေးထဲ
ပျော်ဝင်ခဲ့ရသော ပန်း ပွင့် နေ့ရက်များ ။ ။

ဗသားချော
21.11.10

ကျွတ်ထိုးသံ အပိုင်းအစများ


ဝေဒနာ အစုအစုလိုက်လေးတွေကို

တစ်ထောင့်ငါးရာဈေးနဲ့ ချိုချိုသာသာဝယ်မိခဲ့

နားလည်မှုဆေးလေးတွေ နေ့စဉ်တိုက်ကျွေးရင်း

ဒီရောဂါ ရင့်သထက်ရင့် … ။

အခန်းထဲကကျွမ်းသွားတဲ့ မီးသီးထက်

ဦးနှောက်ဘတ်သီးက အရောင်မွဲတေလာ

ကဗျာတွေကို ချောက်ချက်နင်းရ

ရတနာသုံးပါးလည်း မနပ်မှန်

မသန့်စင်ဖြစ်တဲ့ စိတ်တွေကလည်း အခန်းထောင့်တစ်နေရာ

အစီအစဉ်တကျ ဖရိုဖရဲ … ။

ခြောက်ပေကျင်းတွေဆီ ဦးတည်တာချင်းအတူတူ

တပ်မက်မှုတွေ သူ့ထက်ငါ အပြိုင်အဆိုင်ဝယ်

လက်ထဲက အတ္တတွေက အရောင်တလျှပ်လျှပ်

မစ္ဆေရစိတ်တွေ ကိုယ်တွင်းက လျှံကျ

ဇာတာချင်းတူရင် ခင်ဗျားကို ကန်ချမယ်

ကိုယ်ချင်းစာတရားအတွက် နေရာလပ်မရှိ ။

ဟုတ်ဟုတ် မဟုတ်ဟုတ်

လူမှုရေး ရေစီးကြောင်းထဲ မျောပါနေသမျှ

ငါ့အတ္တ ငါသွေး

ငါ့စိတ် ငါသွေး

ငါ့မာန ငါသွေး

ကိုယ့်ရင်ဝ ကိုယ်ပြန်ထိုးစိုက်မိ

အငိုက်မိသမျှ ဒီတစ်ချက် အရှိုက်ခက်ပြီ ။

အဆောက်အဦးတွေ အထပ်မြင့်လာသလောက်

လူတွေရဲ့ စာရိတ္တအလွှာတွေ ပါးလျလာ

တစ်ခုခုနဲ့များ ငြိလေမလားလို့

ကိုယ့်အလွှာပါးလေးကို လုံလုံခြုံခြုံ သိမ်းထုပ်ရင်း

ကိုယ့်တာလေးကို မြေသားလိုက်ဖို့ရင်း

ငါ့နေ၀င်ချိန်တွေဆီ လမ်းလျှောက်ထွက်ခဲ့တယ် ။


ရိုးမြင့်အောင်

 
©2009 က+ဗျာ+လှည်း | by TNB