သေကွင်းသေကွက်လေးလှဖို့
နေကွင်းနေကွက် လေးရွေးရွေးပြီး
ခေတ်ကို ပေးပေးနေရတာ
တစ်ခါတစ်ခါတော့
တန်တယ်လို့ မထင်မိတော့ဘူး ။
ဟောဒီဖန်သီးလေး တစ်လုံးလင်းဖို့
အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ရတဲ့
အက်ဒီဆင်ရေ ..
တကယ်တော့ စမ်းသပ်မှုဆိုတာ
သက်မဲ့မီးလုံးတွေကိုသာမက
သက်ရှိတွေရဲ့ စိတ်မီးလုံးအပေါ်ပါ လိုအပ်နေတယ်
ကျုပ်ဒီလိုယူဆတာဖြင့် ခင်ဗျားကန့်ကွက်မယ်မထင်ပေဘူး ။
ဆိုလိုချင်တာက
ကျုပ်လည်းစမ်းသပ်ခဲ့ပါတယ်
တစ်ခါတစ်လေမှာ ဘာမှမသိတာက သိနေတာထက်ပိုကောင်းနေသလို
အိပ်ချင်ယောင်ဆောင်နေရတာထက် အိပ်နေရတာက ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်ရှိတယ်မဟုတ်လားဗျာ
မြင်ရပြီထင်ပေမယ့် အရောင်အလင်း တကယ်ပဲလိုအပ်နေခဲ့တယ်ဆိုတာ
အစရှိ သည် ဖြင့် ၍ မှာ ပေါ့ဗျာ ။
စိတ်အဆာတွေကတစ်ဆင့် ကျုပ်သိမြင်ခဲ့ရတယ် ။
ဘာပဲပြောနေနေပါ
ဟောဒီကမ္ဘာပေါ်မှာ လေတွေတိုက်နေသမျှတော့
ဘက် ဆိုတာကပါနေဦးမှာပဲ ။
ဒါဟာ မလွဲမသွေ အမှန်တရားတစ်ခုလို့တော့ဖြင့် ကျုပ်မယူဆဘူး ။
ကမ္ဘာကြီး ကိုယ်တိုင်ကိုက တစ်ဘက်စောင်းနေတာဆိုတော့
ကျုပ်တို့လည်း နိမ့်တဲ့ဘက် ဖိမိကောင်းဖိမိမှာပေါ့လေ ။
ဒီလိုပေါ့
ခင်ဗျားရဲ့ ဖန်သီးလေးလည်း အကြိမ်ပေါင်းများစွာ
အဖွင့်အပိတ်လုပ် လင်းလိုက်မှိန်လိုက်
ကျုပ်တို့ စိတ်မီးလုံးလေးလည်း အကြိမ်ပေါင်းများစွာ
အဖွင့်အပိတ်လုပ် ရှင်လိုက်သေလိုက်
ပြီးတော့လဲ ကျွမ်းသွားတာပါပဲဗျာ
အဲဒီ တစ်ချက်လေး အတွက်ပဲ ဆက်ဆက်ပြီး အဖွင့်အပိတ်လုပ်တုန်း ။ ။
ဗသားချော
28Jun2009
ကျွမ်းနေသော မီးသီးများ တပ်ဆင်ကြမည်
20Jun2009
ကြယ်တွေကြွေခဲ့တယ်
အဲဒီနေ့က ကြယ်တွေကြွေခဲ့တယ်
တိတိကျကျကိုကြွေကျခဲ့ပါတယ်
လင်းလင်းထင်ထင် နေ့လည်ခင်းတစ်ခုအောက်မှာပဲ
မိုးရေတွေထဲကို ကြွေကျခဲ့တာ
မိုးကပြိုတာလား ၊ တိမ်တွေက ငိုတာလားတော့ မသိဘူး
အလင်းချင်းထပ်နေပါရက်နဲ့
ရင်ဘတ်ကနေမြင်ခဲ့တယ် ။
မဖြစ်လောက်ပါဘူးကွာ ဆိုတာတွေအတွက်
ထိုးကျွေးလိုက်ရတာတွေက
ဟုတ်ရောဟုတ်ရဲ့လားကွာ လို့
မေးယူလိုက်ရတာတွေချည်း များလာတယ် ။
အထူးသတိမပြုပါနဲ့
တစ်ချက်လောက်ပဲ ငဲ့ကြည့်ပါ
လူတစ်ယောက်ရဲ့ မဖြစ်စလောက်ဆိုတာတွေ ချည်းကပဲ
လူတစ်ယောက်ဟာ လူတစ်ယောက်ကို အားဖြစ်စေခဲ့ပါတယ် ။
အဲဒီကာလက
အချိန်
အာရုံဝင်စားမှု
အပင်ပန်းခံ နာကျင်မှု
ဘယ်တော့မှပြန်မရနိုင်တာတွေအတွက်
နံရံကို ခပ်ပြင်းပြင်း တစ်ချက်ထိုးခဲ့တယ်
တောက် ... !
အခုထက်ထိနာနေတုန်းပဲ
အရိုးထဲက တဆစ်ဆစ်နဲ့ ... ။ ။
ဗသားချော
17Jun2009
လေဆိပ်ကို လိုက်မပို့ဘူး
တစ်ယောက် တစ်လှမ်းစီလှမ်းခဲ့ကြရင်း
( ကိုယ့် စည်းချက်နဲ့ကိုယ် )
လမ်းခုလတ်မှာ ရင်ဘတ်ချင်းတိုက်မိခဲ့ကြတယ် ။
အဆောင်ရှေ့မှာ သီချင်းအတူ ထိုင်မဆိုဘူးခဲ့ဘူး
လ္ဘက်ရည်ဆိုင် အတူ မထိုင်ဘူးခဲ့ဘူး
တိုက်မိတဲ့နေရာလေး လှတယ်
ငါတို့တွေ တတ်သလောက်သီးပြီး နိုင်သလောက် ပွင့်ခဲ့ကြတယ် ။
လ္ဘက်ရည်ဆိုင် အတူထိုင်ဖူးမှ သူငယ်ချင်းမဟုတ်ဘူး
ရင်ဘတ်ချင်း နှီးနွယ်ဖို့က အရင်းပါ ။
ငါတို့ ပျော်ဝင်ခဲ့ကြတဲ့ အဲဒီ အရောင်ထဲ
ညတွေက တစ်သည်းသည်း လင်းလို့ ။
ဒီအကွေ့မှာ မင်းက ဟိုတက်နဲ့လှော် လို့
ဒီဇာတ်ကွက်မှာ မင်းကတစ်ခန်းရပ်တယ်
မင်း ဆိုချင်တဲ့ သီချင်း
ဒီ အခင်းအကျင်းထဲ လင်းမြဲ ပြက်မြဲ ဆိုတာ
မင်း အတွက်တော့ မင်းသောက်နေကျ Mild Seven တစ်ဖွာတည်းပါ ။
လေထဲပျံမယ့်ငှက်ထဲ
မင်းက တက်ကြီး တစ်ဆွဲဆွဲနဲ့
မမြဲဘူး ဆိုပေမယ့် ငါကလည်း မရဲဘူး သူငယ်ချင်း ။
ဟောဒီမှာ
လေတွေတိုက်နေသရွေ့ တော့
ခင်ဗျားတို့နဲ့ ကျွန်တော့်ရဲ့
အနံ့ အသက်တွေကို
ရှုရှိုက်နေရဦးမှာပါ ...။ ။ (မျှားပြာ)
စည်းချက်မှန်တဲ့ ဘင်အကျမှာ
ငါတို့ ခြေလှမ်းတွေ ညီကြဦးမှာပါ
ခပ်တင်းတင်း ဆုပ်မိတဲ့ လက်နှစ်ဘက်
ရုတ်တရက်ကြီး ဆွဲမဖြုတ်ပါနဲ့ သူငယ်ချင်း
ဟောဒီရင်ဘတ်ထဲ မိုးသည်းခဲ့ပါတယ်
ငါ့မှာ ယောကျာ်းကြီးတန်မဲ့ပေါ့ ။
ငါ့ရင်ဘတ်ထဲ အရောင်တစ်ခုလွတ်ကျ
နောက်… ငါ့ကို လေဆိပ်မခေါ်နဲ့ သူငယ်ချင်း ။ ။
ဗသားချော
(၁၃.၈.၀၈)
14Jun2009
"သူငယ်ချင်း"
မူးပဲဖြစ်ဖြစ် ချောင်းပဲဖြစ်ဖြစ်
စမ်းပဲဖြစ်ဖြစ် စိမ့်ပဲဖြစ်ဖြစ်
မြစ်ထဲကိုစီးပြီးရင်တော့ ပင်လယ်ဆီသွားမှာပဲ
ငါတို့ သူငယ်ချင်း အစုဟာ ပင်လယ်ဖြစ်တယ် ။
အရက်တစ်လုံးမှာ ဘယ်နှစ်ပက်ပါသလဲ မမေးနဲ့
၈ ယောက်ရှိလို့ ၂ပတ်လည်ရင် တော်ပြီ
ဆေးလိပ် တစ်ပွဲမှာ ဆေးလိပ်ဘယ်နှစ်လိပ်ပဲ ပါပါ
တစ်ယောက်နှုတ်ခမ်းကနေ နောက်တစ်ယောက်နှုတ်ခမ်း
မီးခိုးမပြတ်တမ်း ရှိုက်ဖွာ ခံရမှာပဲဖြစ်တယ် ။
စစ်ရေးပြတစ်ခုလို ယိမ်းတစ်ခုလို
တစ်ယောက်ညို့ရင် အကုန်လိုက်ညို့
တစ်ယောက်ခြိမ်းရင် အကုန်လိုက်ခြိမ်း
တစ်ယောက်ရွာရင် အားလုံးက ထစ်ထစ်ချုန်းချုန်း
မန်ယူအသင်းရဲ့ အောင်ပွဲဟာ
အားလုံးရဲ့ မျော်လင့်ချက်ဖြစ်လား ဖြစ်ခဲ့တယ်
ကျဆိမ့် တစ်ခွက်ဟာ အားလုံးအပေါ်
တစ်ငုံစာစီ ဖြစ်လား ဖြစ်ခဲ့တယ်
သူ့အင်္ကျီဟာ ငါ့အင်္ကျီ
ငါ့ဘောင်းဘီဟာ သူ့ဘောင်းဘီ
ဒီကောင့် ပုဆိုးဟာ ဟိုကောင့်ပုဆိုး
ဟင်းတစ်အိုးတည်းမှာ ဇွန်း ၁၀ချောင်းပြုံလို့
ဒွေးရောယှက်တင်
လုံးလားထွေးလား
မုန့်လုံး စက္ကူကပ်
ကြာကလပ်ပေါ်မှာ အားလုံးဆွမ်းတော်တင်
ဂစ်တာကို ဒေါင်ဒေါင်ဒင်ဒင်ခတ်မယ်
တစ်ယောက်က တီး တစ်ယောက်စီအတွက်တီး တစ်ပုဒ်စီတီး
ပါးစပ်ကတီး လက်ကတီး
ပါးစပ်ကဆို လက်ကဆို
Chorus ဆို ဂစ်တာသံကိုဖုံးလို့ဆို
မတီးလည်းဆို တီးလည်းဆို
မဆိုလည်းတီး ဆိုလည်းတီး
မတီးလည်းက တီးလည်းက
မကလည်းတီး ကလည်းတီး
အစွဲကြီး အလမ်းကြီးမထားပဲ ပွဲကြီးလမ်းကြီးများမယ်ဟေ့ ။
သူ့အိမ် ငါ့အိမ် မင်းအိမ်
မင်းညီမ သူ့ညီမ ငါ့ညီမ
အပြန်အလှန် ကူလူး ဆက်နွယ် ယှက်ဖြာ
အဲဒီမှာ ပွင့်တဲ့ပန်းတွေကိုတောင် အမည်မပေးရသေးဘူး
“ ဧည့်သည် ပါတယ်ဟေ့ ”
ခပ်ရီရီတစ်ချက်နဲ့ ခပ်သွက်သွက်တစ်ခွန်းလှမ်းပြော
“ သွားစမ်းပါကွာ
ဒီဝိုင်းက တစ်ခွက်ဝင်ပြီးလို့မှ သူစိမ်းဖြစ်နေသေးရင်
အဲဒီ သူစိမ်းကို အမြည်းလုပ်ပစ်မယ် .. လာ ”
အဲဒီလိုနဲ့ပဲ ခွက်တွေလေထဲမှာ ကြွပျံတက်လို့ ဘောင်ဘင်ခတ်မိတယ်
စကားဝဲသူ စကားနည်းသူ မရှိရဘူး
စကားပြောပြီး တအား ဖော စေရမယ်
Tsar* ခေါင်းလောင်းကြီးလည်း အသံမြည်အောင် ထိုးပစ်လို့ရတယ်
MrBean ကြီးမှိုင်အောင်လည်း ပြောကြမယ်
နက်သထက်နက်တဲ့ ညတွေ
အဆက်မပြတ် မျောဝင်စီးဆင်း
သတင်း အတင်း အဖျင်း
ငြင်းကြခုန်ကြ အော်ကြဟစ်ကြ
သူ့ဇယားက ကိုယ့်ဇယား
သူ့အကွက် ကိုယ့်အကွက်
ရှင်းလိုက် ရွေ့လိုက်
တစ်ခါတစ်လေ မိုက်ချင်လည်းမိုက်တယ်
အိမ်မရှိ ယာမရှိ
နေ့မသိ ညမသိ
အချိန်မသိ နာရီမကြည့်
ရှိရင်လည်းရှိသလို မရှိရင်လည်းမရှိသလို ပျော်မွေ့နေတတ်တယ်
အော်ဟစ်ဆဲဆို ရန်တွေဖြစ်ပြီးမှ ပြန်ချစ်တယ်
တစ်မိုးတည်းနေ
တစ်ခွက်တည်းသောက်
တစ်ကိုင်းတည်းနား
တစ်ခုတင်တည်းအိပ်
တစ်ချိန်တည်းမှာပဲ ငါတို့ဟာ လင်မယားဖြစ်ခဲ့တယ်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့
အဲဒီပင်လယ်ကြီးဟာ
တစ်ခါတစ်ရံ ဆူညံတာကလွဲရင်
အမြဲတမ်း ငြိမ်သက်စည်ဝေ
လင်းလွတ်ပေါ့ပါး ကြွပျံလွှင့်တက်လို့
ဒီနေ့အထိပဲ ။
ဗသားချော
07Jun2009
မောတယ်
ဇေယျာလင်းကပြောတယ်
ကဗျာဆရာ ဆိုတာ သူများထက်စာနာတတ်လို့တဲ့
စာဖတ် မနာပေမယ့်လည်း စာနာခဲ့ပါတယ် ။
တစ်နေ့တစ်နေ့
အလွဲတွေကို အကွက်လိုက်ရွေ့ပေးနေရတာနဲ့
မောတယ်
ရင်ဘတ်ထဲမှာ ချွေးတလုံးလုံးနဲ့ ။
လောလောဆယ် ကကွက်မှာ
ခေတ်အထဆုံး အသုံးက ဟောက်စားပဲ
မလောက်လေး မလောက်စားနဲ့
ဟောက်စားလုပ်တာက အခံရခက်တယ် ။
မတူလို့ ရန်လုပ်ကြေးသာဆို
အဖေတူ ကျုပ်က
အမေတူ အစ်ကို့ ပုဆိုးကို
ကပ်ကျေးနဲ့ ညှပ်ပစ်ရတော့မပေါ့ ။
ကိုယ့်ကိုယ်ကို အချစ်ဆုံး ဆိုတဲ့လူချင်း
ကိုယ့်ကိုယ်ကို မုန်းချင်လာအောင် သင်မပေးပါနဲ့လား
ခြေလှမ်းတိုင်းဟာ တိုင်ပင်
ကိုယ့်စည်းချက်နဲ့ကိုယ် အကွက်ရွေ့တယ်
မလိမ်မိုး မလိမ်မာနဲ့
အကွက်ဆန်းတွေ ထွင်ပြီး
ခြေထိုးမခံချင်စမ်းပါနဲ့
ပြောရတာ တကယ်မောတယ်
ဒီမှာ ကိုယ့်လူ
“ ခင်ဗျား ကျုပ်လောက်သိရင် လူပါသတ်မှာ ” ။
ဗသားချော
06Jun2009
Алекса́ндр Серге́евич Пу́шкин
Алекса́ндр Серге́евич Пу́шкин
(6 июня 1799, Москва — 10 февраля 1837, Санкт-Петербург)
Alexander Sergeyevich Pushkin
(6 June 1799, Moscow - 10 February 1837, St. Petersburg)
အလက်ဇန္နား ပူရှကင် (ပုရှကင် ၊ ပွတ်ရှကင် လို့လဲအသံထွက်ကြပါတယ် ) ။ ဒီနေ့ဟာ ပူရှကင် ရဲ့ ၂၁၀ နှစ်မြောက် (၁၇၉၉-၂၀၀၉) မွေးနေ့ဖြစ်ပါတယ် ။ ကမ္ဘာ့စာပေမှာသြဇာကြီးမားခဲ့တဲ့ ရုရှားကဗျာ ဆရာကြီးပါ ။ မြန်မာပြည်မှာတော့ (ကျွန်တော့်အထင်) မာယာကော့ဗ်စကီး ပြီးရင် လူကြိုက်အများ ဆုံးလို့ ထင်ရပါတယ် ။ အမှတ်တရ အနေနဲ့ ဆရာကြီးရဲ့ နာမည်ကြီး အချစ်ကဗျာတစ်ပုဒ်ကို ရုရှား ၊ မြန်မာ တင်ပေးလိုက်တာပါ ။ ကျွန်တော် ပထမဆုံးဖတ်ဖူးပြီး အရမ်းသဘောကျခဲ့တဲ့ ဆရာကြီးရဲ့ ကဗျာပါ ။ မြန်မာဘာသာ ကိုတော့ အင်္ဂလိပ်ဘာသာက နေတစ်ဆင့်ပြန်တယ်လို့ သိရပါတယ် ။ နိုင်ငံတကာ ဂန္ထ၀င် အချစ်ကဗျာ (၁၀၀) ဆိုတဲ့ စာအုပ်ထဲကလို့ ထင်ပါတယ် ။ မြန်မာ ဘာသာပြန် ကဗျာဆရာကို မမှတ်မိတဲ့ အတွက် မဖော်ပြနိုင်တာ တောင်းပန်ပါတယ် (သိတဲ့သူများ ပြောခဲ့ပေးပါ) ။ အလွတ်မှတ်မိနေတာကို ပြန်ရေးတာဖြစ်လို့ စားလုံးအနည်းအကျဉ်း (မူရင်းဘာသာပြန်နဲ့) လွဲချော်ခဲ့ရင် ခွင့်လွှတ်ပေးပါ ။
Я вас любил
Я вас любил: любовь еще, быть может,
В душе моей угасла не совсем;
Но пусть она вас больше не тревожит;
Я не хочу печалить вас ничем.
Я вас любил безмолвно, безнадежно,
То робостью, то ревностью томим;
Я вас любил так искренно, так нежно,
Как дай вам бог любимой быть другим.
အချစ်မီးကျီး
ငါချစ်ခဲ့ရဲ့... အခုတောင်မှဝန်ခံရရင်
ငါ့ရဲ့အချစ်မီးကျီးတချို့ဟာ တောက်လောင်နေဆဲပဲ..။
ဒါနဲ့တော့ မင့်ကို ပူပင်သောက မဖြစ်စေချင်
ထင်ပြီးဝမ်းမနည်းစေချင်လို့ပဲ..။
မနာလိုသူ ရွံ့ကြောက်သူတို့သာသိတဲ့
ရှတဝေဒနာတွေနဲ့ မင့်ကို မြတ်နိုးစွာချစ်ခဲ့ပါတယ်
အလွန်ညံ့နုစွာ အလွန်ရိုးသားစွာ ချစ်ခဲ့ပါရဲ့
ဘုရားသခင်က မင့်ကို….. နောက်တဦးက သလိုချစ်အောင်
ပေးသနားတော်မူပါ….. ဆုတောင်းလိုက်ပါတယ်…။