28
Jun
2009

ကျွမ်းနေသော မီးသီးများ တပ်ဆင်ကြမည်


သေကွင်းသေကွက်လေးလှဖို့
နေကွင်းနေကွက် လေးရွေးရွေးပြီး
ခေတ်ကို ပေးပေးနေရတာ
တစ်ခါတစ်ခါတော့
တန်တယ်လို့ မထင်မိတော့ဘူး ။

ဟောဒီဖန်သီးလေး တစ်လုံးလင်းဖို့
အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ရတဲ့
အက်ဒီဆင်ရေ ..
တကယ်တော့ စမ်းသပ်မှုဆိုတာ
သက်မဲ့မီးလုံးတွေကိုသာမက
သက်ရှိတွေရဲ့ စိတ်မီးလုံးအပေါ်ပါ လိုအပ်နေတယ်
ကျုပ်ဒီလိုယူဆတာဖြင့် ခင်ဗျားကန့်ကွက်မယ်မထင်ပေဘူး ။

ဆိုလိုချင်တာက
ကျုပ်လည်းစမ်းသပ်ခဲ့ပါတယ်
တစ်ခါတစ်လေမှာ ဘာမှမသိတာက သိနေတာထက်ပိုကောင်းနေသလို
အိပ်ချင်ယောင်ဆောင်နေရတာထက် အိပ်နေရတာက ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်ရှိတယ်မဟုတ်လားဗျာ
မြင်ရပြီထင်ပေမယ့် အရောင်အလင်း တကယ်ပဲလိုအပ်နေခဲ့တယ်ဆိုတာ
အစရှိ သည် ဖြင့် ၍ မှာ ပေါ့ဗျာ ။
စိတ်အဆာတွေကတစ်ဆင့် ကျုပ်သိမြင်ခဲ့ရတယ် ။

ဘာပဲပြောနေနေပါ
ဟောဒီကမ္ဘာပေါ်မှာ လေတွေတိုက်နေသမျှတော့
ဘက် ဆိုတာကပါနေဦးမှာပဲ ။
ဒါဟာ မလွဲမသွေ အမှန်တရားတစ်ခုလို့တော့ဖြင့် ကျုပ်မယူဆဘူး ။
ကမ္ဘာကြီး ကိုယ်တိုင်ကိုက တစ်ဘက်စောင်းနေတာဆိုတော့
ကျုပ်တို့လည်း နိမ့်တဲ့ဘက် ဖိမိကောင်းဖိမိမှာပေါ့လေ ။

ဒီလိုပေါ့
ခင်ဗျားရဲ့ ဖန်သီးလေးလည်း အကြိမ်ပေါင်းများစွာ
အဖွင့်အပိတ်လုပ် လင်းလိုက်မှိန်လိုက်
ကျုပ်တို့ စိတ်မီးလုံးလေးလည်း အကြိမ်ပေါင်းများစွာ
အဖွင့်အပိတ်လုပ် ရှင်လိုက်သေလိုက်
ပြီးတော့လဲ ကျွမ်းသွားတာပါပဲဗျာ
အဲဒီ တစ်ချက်လေး အတွက်ပဲ ဆက်ဆက်ပြီး အဖွင့်အပိတ်လုပ်တုန်း ။ ။

ဗသားချော

5 Comments:

Apprenticeship said...

စမ်းသပ်မှု ပေါင်းများစွာ မှာကျရုံးဘူးတဲ့ အက်ဒီဆင်လိုပဲ လောကကို အလင်းဆောင်နိုင်တဲ့ တီထွင်မှုလေးကို ဖေါ်ထုတ်နိုင်ပါစေ ဗညားသားရေ..

Apple of Koyin Nyein's EyEs said...

ကဗျာဆရာရေ...
တခါတလေ ဘာမှမသိတာဟာ သိနေတာထက်ပိုကောင်းသတဲ့လား...
စိတ်မီးလုံးလေးတွေ လင်း လက်နိုင်ပါစေ...

အိုင်လွယ်ပန် said...

ကျွမ်းတော့ကျွမ်းမှာပါ ...
အဲ ...လက်လဲလက်နေရဦးမှာဗျ ...
ကောင်းသောနေ့ပါဗျာ ...

Mhu Darye said...

ကဗျာလာဖတ်တယ်။
မီးသီးကျွမ်းတာက နောက်မှ၊ ခုတော့ အတွေးအခေါ်တွေ တယ်ပြီး လင်းလက်နေတာပဲဗျာ..။
း)
ကြိုက်တယ်။နောက်လည်း အားပေးမယ်။

မင်းကျန်စစ်။ said...

ကျုပ်လဲ နိမ့်တဲ့ဘက်တော့ ဖိမိတော့မယ်ထင်တယ်။
မီးလုံးက ကျွမ်းခါနီးမှာ သာမန်ထက်လင်းတဲ့အလင်းတစ်ခုတော့ ထွက်လာတတ်စမြဲပဲဗျာ။ အမြဲလင်းနေဖို့တော့ ဆုတောင်းပါတယ်။

TGRmg

 
©2009 က+ဗျာ+လှည်း | by TNB