အဖြူအမည်း ပြကွက် ၁၀
၁ ။ မရှိမဲ့ ရှိမဲ့ စည်းစိမ်လေးထဲ
လက်ရှိမှာ တန်ဖိုးအမြင့်ဆုံးကတော့ သတိရခြင်းပဲ
နွေးနွေးပွေ့ပွေ့ ယုယုယယနဲ့ ထုတ်ထုတ်ကြည့်
ခုနေခါတော့ တစ်ခါတုန်းက ဖြစ်နေတဲ့ အဲဒီအချိန်
တုန်တုန်ရီရီ သူ့လက်ကလေးဆွဲလိုက်တဲ့ ခဏ
လောကဟာ ၀ပ်အားပြည့်ပြည့်လင်းထိန်
၁၅၀၀ သောဗို့ တွေနဲ့ ။
၂ ။ ဘာမှလိမ်းမထားတဲ့ သူ့ပါးလေးက နုညက်
ငါ့မှာ အလိုလိုနေရင်း ရေဓာတ်ခမ်းခြောက်မှု ကပ်ရောဂါသင့်
တစ်ယောက်မျက်လုံးကနေ တစ်ယောက်ကို သောက်ပစ်
အလွတ်မပေးရက်တဲ့ အဲဒီကာလ
(ရှက်လို့တဲ့) မျက်လွှာမချပါနဲ့ကွယ်
ညတွေကို ငါရင်မဆိုင်ရဲလို့ရယ်ပါ ။
၃ ။ ဘုရားအဆူဆူမှာ နားပူအောင်ဆုတောင်း
ဖုန်တထောင်းထောင်းထနေတဲ့ ခရီး
နောက်ပြီးတော့ ...
ညနေရီ ရင်ပြင်တော် သန့်ရှင်းရေးနဲ့
ခေါင်းလောင်းဘေးမှာ (ခေါင်းလောင်းထိုးတံကိုင်ရင်း) အမျှပေးခဲ့ကြတာ
ဆရာပေါ်ဦးသက်ရဲ့ ပန်းချီကား* အသက်ဝင်လာသလို ။
၎ ။ ငါတို့ရဲ့ ပျော်ရွှင်ခြင်း ပြကွက်တွေမှာ
ငါးတွေကိုတော့ အရူးကွက် နင်းရတာပေါ့
ဝေးလိုက် နီးလိုက် ငါးစာတွေကြားထဲ
ငါ့ရင်ခုန်သံတွေက ဆင့်လိုက် မြင့်လိုက်
တစ်ပွဲစာ အကြွေးကျန်သေးတယ်နော် ။
၅ ။ အတူစားတဲ့ မုန့်ဟင်းခါးက အရသာပို
လိုက်ပွဲမလို စားလို့လည်းမကုန်ပဲ အလိုလိုပြည့်
အဲဒီ ဒီဇင်ဘာညတွေမှာ
ငါတို့လက်ဖ၀ါးတွေက နွေးပြီး
အအေးလှိုင်းဖြတ်တာတောင် မသိခဲ့ကြပါဘူး မီးအိမ်ရှင်မလေးရယ် ။
၆ ။ Espresso ကော်ဖီက သကြားလိုတယ်
အခါးပိုနေတာကိုပဲ ငါကတအား မျိုချင်နေတာ
သူ့ဆံပင် ကောက်ကောက်လေးကြောင့်ရယ်ပေါ့ ။
၇ ။ နှစ်သစ်ကူး ညဟာ အိပ်မရတဲ့ညပေါ့
သူများတွေနဲ့ မတူတဲ့ကြိုဆိုပွဲဟာ
သီချင်းကို တစ်ယောက်တစ်ပိုဒ်ဆီ ဆို
ပတ်ဝန်းကျင် ငိုချင်လည်းငိုကြတော့
ငါတို့တော့ မမောဘူး ။
၈ ။ ကန်းနေတဲ့ မျက်လုံးကတော့ လမ်းမမြင်
လန်းနေတဲ့ မနက်တုန်းကတော့ ကမ်းမမြင်
ကြက်ဖ ဆိုတဲ့ သီချင်းလို
ငါတို့က ကမ်းမမြင်လမ်းမမြင် ။
၉ ။ နေသား ကျနေပေမယ့်
ဒီတစ်ခါ မီးပျက်တာ အတော်ကြီးကို ခံရခက်တယ်
ကျန်းမာရေး ဂရုစိုက်ပါ
ငါတော့ ဗန်းမော် ကိုသွားရတော့မယ်
ငါ့ကံနှယ်ဆိုးပါဘိ ..... ငါ့ချည်းသွားရတယ် ။ *
၁၀ ။ လဘက်ရည်ဆိုင်မှာ အလွမ်းတွေ တဖွဲဖွဲကျတုန်း
သူ့အကြောင်းတွေးရင်းနဲ့ ငါတစ်ယောက်တည်း ဆိမ့်
တစ်ခွက်ပီးတစ်ခွက်သာ ကုန်သွားတယ်
ဒီနေ့လည်း မင်းကို အရမ်းလွမ်းတယ် ။
*A Vow by Paw Oo Thet
** ဗန်းမော်ဆရာတော်၏ စာချိုး
ဗသားချော
ဆရာပေါ်ဦးသက်ရဲ့ ပန်းချီကားလေးကို ခွင့်ပြုချက် မတောင်းပဲ တင်ထားမိပါတယ်။ သက်ဆိုင်သူတွေထံမှ ကန့်ကွက်လာခဲ့ ရင် ပြန်ဖြုတ်ပေးပါ့မယ်ခင်ဗျာ။
Subscribe to:
Post Comments (Atom)
7 Comments:
ဘာမှလိမ်းမထားတဲ့ သူ့ပါးလေးက နုညက်
ငါ့မှာ အလိုလိုနေရင်း ရေဓာတ်ခမ်းခြောက်မှု ကပ်ရောဂါသင့်
တစ်ယောက်မျက်လုံးကနေ တစ်ယောက်ကို သောက်ပစ်
အလွတ်မပေးရက်တဲ့ အဲဒီကာလ
(ရှက်လို့တဲ့) မျက်လွှာမချပါနဲ့ကွယ်
ညတွေကို ငါရင်မဆိုင်ရဲလို့ရယ်ပါ ။
အဲဒီအပိုဒ်လေးကတော့ နူးနူးငြံလေး ရင်ထဲစီးသွားတယ်ဗျာ
ကဗျာအချိုးလေးတွေက လှပါ့ ငါ့ညီရာ
အကြိုက်ဆုံးကဗျာလေးတွေထဲ တစ်ပုဒ် တိုးသွားပြီ
း)
အလွမ်းအမျိုးမျိုးနဲ့ လွမ်းနေတယ်ပေါ့။ အဆင်ပြေပါစေ ဗမော်မြို့လေးမှာ အစားအသောက်ကောင်းတယ် ကြိုက်မှာပါ။
ကောင်းလိုက်တာနော်
ကဗျာတွေကောင်းလိုက်တာ
သစ်သစ်လည်းတွေ့ဘူး
အဟောင်းတွေထပ်ဖတ်သွားတယ်
Post a Comment