စာ ၂၁ ကြောင်း

























Image Link

ရှင်းပါစေ အေးပါစေ ပြီးပါစေ လို့
ဝတ္တရားမပျက် လုပ်ရတဲ့ အလုပ်လို့
မထင် ပါဘူး/ပါနဲ့ ကွယ်
မန်ကျည်းမှည့်နဲ့ နာနာပွတ်မှ ပြောင်တာက ကြေးပေါ့
ရွှေတံဆိပ် ရထားသူအဖို့က
ခေါင်းအနေအထား မမှန်လို့ အိပ်ရင်း ရွဲ့နေတဲ့ မျက်နှာဟာလည်း ရွှေပါပဲ
ဖွင့်ဆိုရခက်တဲ့အသံနဲ့ ပြီးစလွယ် အပေါ့စကားလေးတွေ ဟာလည်း ရွှေပါပဲ
အိပ်တစ်ဝက် ယောင်လိုက်တဲ့ စကားကအစ
ရုတ်တရက်လန့်သွားလို့ ဆုပ်မိတဲ့ လက်ရယ်
ဟင်းခွက်ထဲက ပထမဆုံး အသားဖတ်နဲ့
ဦးတည်ရာပျောက်နေတဲ့ နောက်ဆုံး အသားဖတ် အဆုံး
ခေါင်း ခါး ခြေ လက် ညောင်းကွက်တွေ အထိ
ဒီမှာ မိမာရယ်
ကန်းတဲ့လူက ကြည့်လေရာ အရောင်မရှိသလို
ဘယ်အခြေအနေပဲ ဖြစ်ဖြစ်
သန်ရာလက်နဲ့ ဆုပ်မိလို့ မြဲရတဲ့ အဖြစ်ဟာ
အညာနွားလို ရေအထင်နဲ့ စိုသမျှအသီး အကုန်စားတာပေါ့
ရွှေပါပဲကွယ် ...
စိတ်ရှည်ပါ သည်းခံပါ မိမာရေ
ငါ့မှာ သွေးတွေ အေး ရာက နွေး ရာက ဆူ လို့
ရပ် ရာက လျှောက် ရာက ပြေးပြီး တာထွက်ပါတော့မယ်ကွယ် ။ ။

ဗသားချော
21.01.11

ကွက်လပ်ဖြည့်









Image Link

ကျွန်တော် အောက်ပါစာမေးပွဲကို ဖြေဆိုနေပါတယ်

“ .... ” ရေ ရင်ခုန်သံကိုခံစားကြည့်ပါ

ဒုက္ခအရသာ ချိုမြတယ်

ဘ၀ကို ချစ်တတ်လာပါလိမ့်မယ်

(ဂန္ထ၀င်မမ-အောင်ချိမ့်)

“ .... ” ဟာ

ကိုယ့်အတွက်သီးသန့်

သုံးရာသီနတ်သမီးလေးပေါ့ကွယ်

(သုံးရာသီမင်းသမီး - ထွန်းဝေမြင့်)

“ .... ” ကို

ကျေးဇူးတင်ပါတယ်

(ကျေးဇူးစာရင်း-သစ်ငြိမ်း)

ကိုယ့်အသည်းကို အာထရာဆောင်းရိုက်ကြည့်တော့

ပန်းပွင့်လေးနာမည်က “ .... ” တဲ့

(ညီမလေးမမမြင့် - မောင်ချောနွယ်)

ဒီလိုပါပဲ (ကိုယ့်ဘာသာစကားနဲ့ကိုယ် ရွတ်ကြည့်တာ)

ကိုယ့်မရှိတော့လည်း ပြတိုက်ထဲပဲဝင် ၀င်ကြည့်ရတာ

တကယ်ပြချင်တာက ဟောဒီဘယ်ဘက်က ရောဂါ

ရင်ဘတ်ထဲမှာ အမြစ်တွယ်နေတာလေးကိုပါ


ဗသားချော

14Feb11

စိန်ချယ်ပန်းများဖြင့်

၁၉၄၇
အတွင်းဝန်များရုံးထဲက
သူရဲဘောကြောင်လှတဲ့
တော်မီဂန်းစက်သေနတ်သံတွေ အောက်မှာ
သူ အသက်ပျောက်ခဲ့ရပြီ ။

ရန်သူရဲ့အဖမ်းကို ဘယ်တော့မှမခံဘူးဆိုတဲ့
သူ့ရဲ့နည်းဗျူဟာ
အနုနည်းနဲ့မရရင်
အကြမ်းနည်းနဲ့ချမယ်ဆိုတဲ့
သူ့ရဲ့မဟာဗျူဟာ
နယ်ချဲ့တိုက်ပွဲ
ဖက်ဆစ်တိုက်ပွဲ
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
ရဲဝံ့ပြောင်မြောက်စွာ ဖြတ်သန်းလာတဲ့ သူဟာ
ပန်းတိုင်ရောက်ခါနီးမှ
ခွေးထက်မိုက်တဲ့ တိရစ္ဆာန်တွေလက်ချက်နဲ့
အသက်စွန့်ခဲ့ရပေပြီ။

အသက်ငယ်ငယ်နဲ့
သူကျဆုံးခဲ့ရတာ
တိုင်းပြည်အတွက်
ကံမကောင်းအကြောင်းမလှမှု တစ်ခုပေပဲလား
မြင့်မြတ်တဲ့ “ဗိုလ်အောင်ဆန်း” ရယ်
ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ
သင့်အမည်နာမဟာ
အမြဲစီးဆင်းနေရစ်မယ့် “ဧရာဝတီ” ဖြစ်ပါတယ် ။
သင့်အမည်နာမဟာ
အမိမြေဆီလွှာကတောင်
သရဖူဆောင်းပေးထားရတဲ့
“ရိုးမ” လည်း ဖြစ်ပါတယ်
သင့်ရဲ့
ကြီးမြတ်တဲ့ ၀ိညာဉ်ဟာ
“ဧရာဝတီ”လို အမြဲထာဝရ စီးဆင်းပြီ
“ရိုးမ”လို အမြဲထာဝရ ရပ်တည်နေမှာပဲ ဖြစ်ပါတယ် ။

“ဂန္ဓီကြီး”
“အန်ကယ်ဟို”
“ဒေါက်တာရီဇော်”
“မော်”
အာရှတိုက်ရဲ့ အကျော်အမော်များ နည်းတူ
ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက
“အောင်ဆန်း” ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့
ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ် ။

ငါ့တိုင်းပြည်ကိုပြန်ပေး
ငါ့သယံဇာတကိုပြန်ပေး
ငါ့လေထုကိုပြန်ပေး
ငါ့ကလေးတွေကိုပြန်ပေး
ငါ့အိပ်မက်တွေကိုပြန်ပေး
သူ့ရဲ့ကြွေးကြော်သံဟာ
ယူနီယံဂျက်အလံကိုဖောက်ထွင်း
နေ၀န်းနီအလံကို ဆွဲဖြဲပြီး
နွေဦးကွင်းပြင်ထဲကထွက်လာရဲ့ ။

၁၉ဇူလိုင်တဲ့
အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ ။

ဆောင်းမနက်ခင်းစောစောမှာ
ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့်
သင့်အမည်နာမအား
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။

မကြောက်တရားရဲ့ သင်္ကေတ
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။

အများသူငါကောင်းစားရေးအတွက်
ကိုယ်ကျိုးမငဲ့ကွက်ခဲ့သော
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။

လူသားဟုခေါ်ဆိုရန်ပင်မထိုက်တန်
သင့်ရဲ့ကောင်းမြတ်မှုပြည့်လျှံနေသော
အမည်နာမအတွက်
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။

အမိနိုင်ငံတော်ရဲ့
သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ် ။

လင်းယုန်ငှက်တွေဝဲနေတဲ့
ဟောသည်ဆောင်းလမ်းမှာ
“ဗိုလ်အောင်ဆန်း”တဲ့
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ့ ။

မိုဃ်းဇော်

“ ကျွန်တော်မျိုးကြီး သေသင့်ပါတယ် ”


ကိုယ်တိုင် ပါဝင်ခွင့် မရလိုက်တဲ့ ပွဲမှာ

စိတ်မကျေနပ်ရခြင်းမျိုးတွေက တလိပ်လိပ်

ဟောင်းနွမ်းစာမျက်နှာများထက်က ဓာတ်ပုံတွေရဲ့

အောက်သိုးသိုး ရနံ့ပြင်းများ ဆို့တက်လာတယ်

ရပ်ပြစ်ရှစ်ပါး မကင်းတဲ့ ဒေသက ကျွန်တော့် အော်သံကို

နားမခံသာလို သူတွေ အတွက် ဒီကဗျာကို ဖတ်ဖို့ မလိုအပ်ပါဘူး

တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေ ရှိတဲ့အခါ

၂၀၀၁ ခုနှစ်ကို မုန်းတယ်

မိန်းမတစ်ယောက်ကို ချစ်တယ်ပြောဖို့

ဘာသာစကား သုံးလေးမျိုး မလိုအပ်ဘူး

မှန်ရှေ့မှာ မရပ်ရဲတဲ့ ဒုက္ခဟာ

ရင်ဘတ်ထဲက အနာနဲ့ တိုက်ရိုက် အချိုးကျပါတယ်

မေတ္တာတရားကို ပညာတတ်မာယာနဲ့ ဖျားယောင်းသိမ်းသွင်းခြင်းကို

ရရာလက်နက် ဆွဲကိုင်တိုက်ထုတ်ဖို့ ဘက်သားမရှိပါ

Memory ထပ်နေတဲ့ Data တွေနဲ့

ကုစားမရသေးတဲ့ သစ္စာ အခါးတွေ

ကျွန်တော် ခေတ်မမှီသေးပါ

ဘွဲ့ ဒီဂရီတွေ ပါမှာ ဖတ်နိုင်တဲ့စာမျက်နှာတွေကို ကျွန်တော် စိတ်မ၀င်စားခဲ့တာ

ရာသီဥတု ဖောက်ပြန်ခြင်းနဲ့ သက်ဆိုင်နေပါတယ်

မေမေပြောခဲ့တဲ့ အနုပညာဆန်ခြင်းဟာ

ခေတ်ကာလအရ လက်ကျောမတင်းဘူး ဖြစ်နေပါပြီ

သေမှာကြောက်ရင်တော့ အိုးစားဖက်မတွေ့အောင် ပုန်းနေပါ

နှစ်သစ်ကူးညဟာ သင်္ကြန်လိုပါပဲ

အရင်းအမြစ်တွေ လေထဲပျောက်ကုန်တာပါပဲ

ကဗျာတစ်ပုဒ်ကို C++ ဆိုတဲ့ ကွန်ပျူတာ ဘာသာဗေဒနဲ့ ရေးဖို့

ဒါမှမဟုတ် PHP (သို့) CSS တစ်ခုခု

စာမူခကို စတာလင်ပေါင်နဲ့ စီရော်နယ်လ်ဒို ရဲ့ လုပ်ခ တစ်ရက်စာလောက်

ရခဲ့မယ်ဆိုရင်ပေါ့

အိပ်မက်ထဲမှာ ပွဲဆက်များပါလိမ့်မယ်

၂၀၁၁ ခုနှစ်မှာ ခရီးထွက်ဖို့မျက်နှာဖုံးတွေ မလိုပါဘူး

ခရီးသွား လက်မှတ်မရှိလည်း ခြေထောက်တွေက သွေးမနည်းပါဘူး

အင်္ဂလိပ်လို မအော်ပဲ ကဗျာတစ်ပုဒ်နဲ့ ယောက်ယက်ခတ်နေတာဟာလည်း

အသိအမှတ်ပြုခြင်းပါပဲ နှစ်သစ်ကြီးခင်ဗျား

ဝမ်းသာအားရမဟုတ်ပဲလည်း အများနည်းတူ

မီးရှုးမီးပန်းတွေ ပစ်ဖောက်လိုက်တဲ့အခါ

ကောင်းကင်ကြီးက လင်းမလာပါဘူး

... ... ...

ဗသားချော

အချစ်

ဘယ်ကို ပြေးပြေး

အဲ့ဒီအရိပ်အောက်က မလွတ်တော့ဘူး

ညီမလေးရေ

ဘယ် ဖတ်စာအုပ်ထဲမှာမှ မပါတဲ့ သင်ခန်းစာတဲ့

ငါတို့ ကျောင်းပြေးခဲ့ကြတယ်

ကြေညက်အောင် မသင်မိခဲ့တဲ့ ဘာသာဗေဒမှာ

ကျကျနနကို ရှုံးနှိမ့်ခဲ့ကြတာပေါ့ကွယ် ။

 
©2009 က+ဗျာ+လှည်း | by TNB