ဗလာလူ



အချီကြီးပဲ
တနင့်တပိုးဖမ်းဆုပ်ရလိုက်တာ
ဝဲပျံထွက်လာတဲ့ စကားလုံးတွေ
ကိုယ့်ခန္ဓာကို ပြန်ညှစ်လို့ ထွက်ကျလာတဲ့
ငွေတိုငွေစလေးတွေ
တုတ်ကောက်ကိုင်စပြုရတော့မယ့် အတွေးအခေါ်တွေ
ဒီထက်ပိုမရခဲ့ဘူး... ။

ကိုယ့်လူတို့... ပါတနာတို့
ကဗျာကို ဇွန်းတတ်ဖျော်ကြ...။

မောင်ချောနွယ်၊ စိုင်းဝင်းမြင့်
ဇေယျာလင်း၊ အောင်ဝေး
ကဗျာတွေ ဒဏ်ခံကြိုးတွေအကြောင်း
ငယ်ပေါင်းကြီးဖော်လို ရင်းနှီးခဲ့ပြီးသား
ရင်အုပ်ကျယ်ကျယ်ကြီးတွေနဲ့ ထည့်သိမ်းထားကြ...။

မင်းတို့ဆီမှာ ရာသီဥတုတွေပြောင်းလဲမှုရှိသေး
ငါ့ရင်ဘတ်မှာ ဥတုသုံးပါလုံး နွေချည်းပဲ
ပူလိုက်တာကွာ
ကိုယ့်တံထွေးကို ပြန်မြိုချမိရဲ့...။

ငါ့အဇ္ဈတ္တ ငါပြန်ကြည့်တိုင်း
ခရီးသည် မရတဲ့ စပယ်ရာတစ်ယောက်မျက်နှာနဲ့
ဟောင်းလောင်းပေါက် ငါ့ယာဉ်ကြီးကို ငါငေးမိပါရဲ့
အစိတ်သားသာသာ ငါ့အသက်မှာ
ငွေကြေးတန်ဖိုးတွေကလည်း ကျလိုက်တာလွန်ပါရော...။

အချီကြီးပါပဲကွာ...
တစ်စတစ်စနဲ့ ကောက်ထည့်လာလိုက်တာ
ငါ့ဦးခေါင်းကြီးက ပေါက်မှန်းမသိပေါက်လို့...။

သွားနှင့်ကြပါ
ငါက ခြေဗလာသက်သက်နဲ့ကောင်ရယ်...။


ရိုးမြင့်အောင်

ဖြစ်မှဖြစ်ရလေ




















ဖြစ်မှဖြစ်ရလေ
မုန့်ဟင်းခါးချင်း အတူတူ
မြောင်းမြဒေါ်ချိုကမှ ပိုကောင်းသတဲ့ ။

ဖြစ်မှဖြစ်ရလေ
တောင်ကျောင်းကဘုန်းကြီးမှ တို့ဘုန်းကြီး
ဘုန်း ပိုကြီးသတဲ့ ။

ဖြစ်မှဖြစ်ရလေ
အကြံတူရင်တူ
အကြံမတူတော့လည်း ရန်သူဆိုပါ့လား ။

ဖြစ်မှဖြစ်ရလေ
နည်းနည်းလောက်မှ ဟ မပေးရဲဘူး
ချက်ကောင်းကို အလစ်တွယ်မယ် ဆိုတာချည်းပဲ ။

ဖြစ်မှဖြစ်ရလေ
မွေးတုန်းကတော့ ကလေး
နောက်တော့ သိပ်ကြီးချင်လွန်းလှချည့် ။

ပျင်းလိုက်ပုံများ ပြောပါတယ်
အားအားရှိ
ခေတ်ကိုချည်း ထိုင်မှီနေတော့
အမှီခံရလွန်းလို့ ယိုင်နေတဲ့လေသံနဲ့
ခေတ်ကပြောတယ်
ဖြစ်မှဖြစ်ရလေ တဲ့ ။

ယောင်တောင်ပေါင်တောင်နဲ့
နားတွေ သူများဆီမှာချည်း ကပ်နေကြ
နားထောင်ကြပါ
ကိုယ့်နားနဲ့ကိုယ်
ကိုယ့်အသံကိုယ်ပြန်ကြားဖို့
သြော်...
ဖြစ်မှဖြစ်ရလေ.... ။ ။

ဗသားချော

ငပိန်တစ်ကောင်ရဲ့ ကောက်ကြောင်း


ငါဟာ
ငပိန်တစ်ကောင်ပါ
နို့ပေမယ့်
မင့်တစ်ဘ၀စာလုံးကို
ခါးမညွှတ်ပဲ ထမ်းထားနိုင်ပါရဲ့ ။

ဟောဒီ ရင်ဘတ်
ချိုးရင်အုပ်သာသာလေးမှာ
မင့်တစ်ဘ၀စာ
လွတ်လပ်မြူးတူးနိုင်ပါရဲ့ ။

လူ့ဖလံလေးပါ
လက်သီးလက်မောင်းတန်း
သူတို့တွေးကြတဲ့ထုံးစံကို
ခပ်ကြမ်းကြမ်း ရိုက်ချိုးပစ်နိုင်ရဲ့ ။

အလကားရတိုင်း ထွေးတဲ့တံတွေး
ဆေးဘက်ဝင်အောင်
ငါစွမ်းဆောင်ပြပါ့မယ်
မင့်ပတ်ဝန်းကျင်ရေ ။

ဟောဒီလောကကြီးထဲ
ထုံးစံ ဆိုတာကြီးမပါပဲ
ငါကလေ
ကဗျာ တစ်ပုဒ် ရေးပြလိုက်မယ်
မင့်ကို ပခုံးပေါ်တင်ရင်းပေါ့ ။ ။

ဗသားချော

အရိုးစူးတဲ့ ည




















ကိုယ့်အရိုးနဲ့ ကိုယ့်ပြန်ထိုးခံလိုက်ရတဲ့အဖြစ်
စုတ်တသပ်သပ်နဲ့
ကိုယ့်နံကြားကို ပြန်စမ်းမိရဲ့
သွေးစိမ်းချင်းချင်းနီလို့...။

ရောလို့ပေါမယ်ဆိုရင်
ဝီစကီထဲလည်း ရေခဲမရောနဲ့
အာသီသရှိတဲ့အချိန် LONDON တစ်လိပ်ဖွာပါ
မူးရင်မပြောနဲ့ ပြောရင်လည်း မမူးနဲ့
ဟိုတိုက် ဒီတိုက်ဆိုတော်သေး
တခြားလူရင်ဘတ်သွားမတိုက်မိဖို့လိုတယ်
“နေပါဦး... ပြန်တော့မလို့လား
စကားပြောမှားရင် Sorry ဗျာ...
အိမ်ရောက်ရင် မယားဗြောတီး ခံရဦးမယ်”
စိတ်ရှိလက်ရှိ တစ်ခွက်ကောင်းကောင်းမော့
စိတ်လွတ်လက်လွတ်ပြောချလိုက်တယ်
“ကျွန်တော် ပြန်ပြီဗျာ”...။

လက်ပြနှုတ်ဆက်ပြီး
ထပ်မံ လက်ပြနှုတ်ဆက်ပြီး
ကိုယ့်အရှိန်နဲ့ ကိုယ်လိမ့်ထွက်ခဲ့ကြ
နောက်ထပ် မဆုံဖြစ်တော့တဲ့
သူငယ်ချင်းတွေ...။ ။


ရိုးမြင့်အောင်

“အိပ်မက်”

ပုံရိပ်တွေ တလွှာခြင်း ခွါချနေသလို
နှေးသွားလိုက် မြန်လာလိုက်...
မျှော်လင့်ခြင်းတွေ၊ စိတ်ကူးယဉ်မှုတွေ
နှလုံးသည်းပွတ်ထိ စိမ့်ဝင်တိုက်စား...
နောက်....
ငါ့ခန္ဓာကို လက်ပြနုတ်ဆက်ထွက်ခွါသွား...။



ရိုးမြင့်အောင်

”မျက်ဝန်း”

Image Link

ပြတင်းတံခါးကို

ဖွင့်လှစ်ရစ်ပါကွဲ့

ညနေခင်းတစ်ခု

အထီးကျန်ဖြစ်မနေစေချင်ဘူး ဆိုရင်ပေါ့ ။ ။

ဗသားချော
(၂၀၀၂)

 
©2009 က+ဗျာ+လှည်း | by TNB