“ ကျွန်တော်မျိုးကြီး သေသင့်ပါတယ် ”


ကိုယ်တိုင် ပါဝင်ခွင့် မရလိုက်တဲ့ ပွဲမှာ

စိတ်မကျေနပ်ရခြင်းမျိုးတွေက တလိပ်လိပ်

ဟောင်းနွမ်းစာမျက်နှာများထက်က ဓာတ်ပုံတွေရဲ့

အောက်သိုးသိုး ရနံ့ပြင်းများ ဆို့တက်လာတယ်

ရပ်ပြစ်ရှစ်ပါး မကင်းတဲ့ ဒေသက ကျွန်တော့် အော်သံကို

နားမခံသာလို သူတွေ အတွက် ဒီကဗျာကို ဖတ်ဖို့ မလိုအပ်ပါဘူး

တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေ ရှိတဲ့အခါ

၂၀၀၁ ခုနှစ်ကို မုန်းတယ်

မိန်းမတစ်ယောက်ကို ချစ်တယ်ပြောဖို့

ဘာသာစကား သုံးလေးမျိုး မလိုအပ်ဘူး

မှန်ရှေ့မှာ မရပ်ရဲတဲ့ ဒုက္ခဟာ

ရင်ဘတ်ထဲက အနာနဲ့ တိုက်ရိုက် အချိုးကျပါတယ်

မေတ္တာတရားကို ပညာတတ်မာယာနဲ့ ဖျားယောင်းသိမ်းသွင်းခြင်းကို

ရရာလက်နက် ဆွဲကိုင်တိုက်ထုတ်ဖို့ ဘက်သားမရှိပါ

Memory ထပ်နေတဲ့ Data တွေနဲ့

ကုစားမရသေးတဲ့ သစ္စာ အခါးတွေ

ကျွန်တော် ခေတ်မမှီသေးပါ

ဘွဲ့ ဒီဂရီတွေ ပါမှာ ဖတ်နိုင်တဲ့စာမျက်နှာတွေကို ကျွန်တော် စိတ်မ၀င်စားခဲ့တာ

ရာသီဥတု ဖောက်ပြန်ခြင်းနဲ့ သက်ဆိုင်နေပါတယ်

မေမေပြောခဲ့တဲ့ အနုပညာဆန်ခြင်းဟာ

ခေတ်ကာလအရ လက်ကျောမတင်းဘူး ဖြစ်နေပါပြီ

သေမှာကြောက်ရင်တော့ အိုးစားဖက်မတွေ့အောင် ပုန်းနေပါ

နှစ်သစ်ကူးညဟာ သင်္ကြန်လိုပါပဲ

အရင်းအမြစ်တွေ လေထဲပျောက်ကုန်တာပါပဲ

ကဗျာတစ်ပုဒ်ကို C++ ဆိုတဲ့ ကွန်ပျူတာ ဘာသာဗေဒနဲ့ ရေးဖို့

ဒါမှမဟုတ် PHP (သို့) CSS တစ်ခုခု

စာမူခကို စတာလင်ပေါင်နဲ့ စီရော်နယ်လ်ဒို ရဲ့ လုပ်ခ တစ်ရက်စာလောက်

ရခဲ့မယ်ဆိုရင်ပေါ့

အိပ်မက်ထဲမှာ ပွဲဆက်များပါလိမ့်မယ်

၂၀၁၁ ခုနှစ်မှာ ခရီးထွက်ဖို့မျက်နှာဖုံးတွေ မလိုပါဘူး

ခရီးသွား လက်မှတ်မရှိလည်း ခြေထောက်တွေက သွေးမနည်းပါဘူး

အင်္ဂလိပ်လို မအော်ပဲ ကဗျာတစ်ပုဒ်နဲ့ ယောက်ယက်ခတ်နေတာဟာလည်း

အသိအမှတ်ပြုခြင်းပါပဲ နှစ်သစ်ကြီးခင်ဗျား

ဝမ်းသာအားရမဟုတ်ပဲလည်း အများနည်းတူ

မီးရှုးမီးပန်းတွေ ပစ်ဖောက်လိုက်တဲ့အခါ

ကောင်းကင်ကြီးက လင်းမလာပါဘူး

... ... ...

ဗသားချော

 
©2009 က+ဗျာ+လှည်း | by TNB