မတ်လရာသီ

မမရေ

ဥတုရာသီတောကိုမှီ၏ တဲ့

ဥတုရာသီဆိုတာက သဘာဝတရားကြီး

အဆက်မပြတ် ပြောင်းလဲနေခြင်းပေါ့

သဘာဝကို သစ္စာရှိလို့ သဘာဝက သစ္စာရှိသလို

ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ

ကျောက်သားကြားထဲက ထိုးထွက်ရှင်သန်လာတဲ့

မစိုက်မပျိုးရတဲ့ သဘာဝ သနပ်ခါးပင်လေးလို

အပွင့်ရော အပွေးပါ မွှေးမြနေပါတယ်

ပင်စည်လေးက သဘာဝမို့ သေးသလို

ကျွန်တော်တို့ ဖြတ်ခဲ့တဲ့ လမ်းဟာ တိုပါသေးတယ်

ဘ၀နဲ့ချီတဲ့ အရှုပ်တွေထဲမှာ

ကျွန်တော်တို့ဟာ ချိန်ခွင်တစ်ခုလို

ဘက်ညီညီ ဖြတ်သန်းလို့

အလေးအပေါ့မညီ အတက်အဆင်းကြမ်းတဲ့

ကျွန်တော့်အတွက်ကြောင့် လျှာထွက်ခဲ့တာတွေအတွက်

ကျေးဇူးတင်ပါတယ်

ကျေးဇူးတရားကို လက်ဆုပ်လက်ကိုပြဖို့

အခက်အခဲရှိတဲ့ ရာသီဥတုဖောက်ပြန်ခြင်းမှာ

ကျွန်တော့် ချစ်ခြင်းမေတ္တာတွေဟာ

သီးပွင့်မှု အရောင့်ဖျော့နေကောင်းနေပါလိမ့်မယ်

အရောင်မပြောင်းလဲခြင်းဟာ

သစ္စာတစ်ခုဖြစ်သလို

အလင်းအမှောင် အဝေးအနီးဟာ

တစ်ခါတစ်လေ ပြောရခက်တဲ့ အခြေအနေမှာရှိပါတယ်

အခြေအနေတွေ ဘယ်လောက်ထိ ဆိုးခဲ့တာ

အချိန်အခါတွေ ဘယ်လောက်ထိ ကြမ်းခဲ့တာ

အကြောင်းအရာတွေ ဘယ်လောက်ထိ လွဲခဲ့တာ

မမ အသိပါ

မရောက်နိုင်သေးတဲ့ အနာဂတ်အတွက်

စကားလုံးတွေ မိုးလုံးပြည့် ဖောင်းပွပြနေရတာ ဟာ

ဘယ့်ကလောက်အထိ တာသွားသလဲဆိုတာတော့

မမ မသိသေးတဲ့ ဘာသာစကားပေါ့

လောလောဆယ်အထိတော့ ကျွန်တော်ဟာ

မမအတွက် ဘာသာစကား မကျွမ်းကျင်သူ လူအလေးပါ

မမအတွက် အနေအထိုင် မတတ်သေးတဲ့ လူမိုက်လေးပါ

မမအတွက် အထိအရှ ကြမ်းတဲ့ လူရမ်းကားလေးပါ

နောက်ပြီး

ရာသီရောက်လို့ စိတ်ရူးပေါက်တဲ့ မမကိုချစ်တဲ့ ဂေါက်တောက်တောက် ကောင်လေးပါ ။


ဗသားချော

23/Mar/11

ကျွန်တော်စိုက်သော ပန်းကလေး


ကမ္ဘာဦး တေးတစ်ပုဒ်ကို သီဆိုတဲ့အခါ

သံစဉ်တွေ မလိုအပ်ပါ

အကြောင်းအကျိုး တစ်စုံတစ်ရာကြောင့်

နားဝင်ပီယံ မဖြစ်မှုအတွက် ကျွန်တော်အားနာပါတယ်

တစ်ချို့ပန်းတွေရဲ့ အရောင် အနံ့ အဆင်းဟာ

အဓိပ္ပါယ်ဖော်ရ ခက်ခဲပါတယ် မမရေ

ကျွန်တော့်ရဲ့ မထွန်းကားနိုင်သေးတဲ့ ပိုင်နက်ထဲမှာ

လောက်လောက်လားလား ယဉ်ကျေးမှုဆိုလို့

မမကို ချစ်တာပဲ ရှိပါတယ်

အဓိပ္ပါယ်ဖော်ရခက်တဲ့ ပန်းတစ်ပွင့် ကျွန်တော်စိုက်ပျိုးခဲ့ပါတယ်

အဲဒီပန်းကလေးဟာ ကျွန်တော့်အတ္တပါ

အဲဒီအတ္တဟာ မမပါ

ဒီကနေ့ လက်ဆောင် ရရှိလာတဲ့ ၀ိုင်နှစ်ခွက်ဟာ

ပန်းကလေးရဲ့ ရနံ့နဲ့ သင်းပျံ့ထုံရီနေပါတယ် ။ ။

ဗသားချော

21/Mar/11

ခရီးသွား မမ
















ရက်စွဲအကူး နာရီအပြောင်းမှာ
တာလီအသစ်တစ်ခုချိုးပြီး
ဆွဲဖွင့်လိုက်တဲ့ ရှင်သန်ခြင်း အသစ်တံခါးနဲ့
ကျွန်တော့်ရဲ့ ခရီးသွားမမဟာ
ဟောဒီ မနက်ခင်းကိုဖိတ်ခေါ်လိုက်တယ်
မင်္ဂလာပါ မမ
နှစ်ထောင်းအားရစရာ ခွန်းဆက်ပါတယ်
လျောက်ခဲ့တဲ့လမ်းကို ပြန်ငဲ့ကြည့်တော့
စိုက်ခဲ့တဲ့ အပွင့်တွေ တစ်ထွေးကြီး
ပေါင်းမြက်တွေလည်းရှိတယ်
တက်ခဲ့တဲ့တောင်တွေလည်း တစ်တန်းကြီး
မြေပြန့်တွေလည်းရှိတယ်
လောကဓံရှစ်ပါးနဲ့ ခရီးသွားလာသူတစ်ယောက်
ကွန်းထောက်စခန်းကို ရောက်တဲ့အခါ
အနားယူပါ အပန်းဖြေပါ အေးမြသောရေကိုသောက်ပါ
ကျွန်တော် ကြိုဆိုမှုနဲ့ နွေးထွေးပါ မမ
ကျွန်တော့်ရဲ့ မထုပ်မပိုး မပြင်မဆင်
အရင်းအတိုင်း မေတ္တာတရားကို လက်ခံပါ
၇ ပါးသော ဥစ္စာတွေနဲ့
အဓိပ္ပါယ်ရှိသော ခရီးလမ်းကို
ဆက်လက်လျှောက်လှမ်းနိုင်ပါစေ
မနက်ဖြန်တိုင်းဟာ မွေးနေ့လို့ အရှင်ဇနကာဘိဝံသက မိန့်သလို
ကျွန်တော့် ဆုတောင်း ကျွန်တော့် မေတ္တာဟာ
မနက်ဖြန်တိုင်းအတွက်ပါ
မမ မနက်ဖြန် သန်းပေါင်းများစွာ ခရီးဆက်နိုင်ပါစေ
မမ အလင်းရောင်တွေ ထွန်းညှိနိုင်ပါစေ
မမ နှလုံးစိတ်ဝမ်းချမ်းမြေ့ပါစေ ... ။ ။

ဗသားချော

 
©2009 က+ဗျာ+လှည်း | by TNB