ကောင်းကင်မှာ လမင်း မြေပြင်မှာစမ်းရေ








ကျွန်တော့်အသိတွေ အ၀ိဇ္ဇာဖုံးလို့ မှောင်မိုက်နေတယ် အမေ …

ကျွန်တော့်စိတ်တွေ မောဟဖုံးလို့ ပူလောင်နေတယ် အမေ …

(၂၇.၀၁.၂၀၀၇)

ဟိုး … အဝေး အမေ့အိမ်လေးမှာ

မေတ္တာပန်းတွေ ဝေဆာပုံက

နှိုင်းဖက်စရာ မရှိဘူး အမေရယ် …

ကိုယ့်တဏှာစက်ဘီးလေးကိုယ် နင်းပြီး

သံသရာတစ်ပတ် ပတ်ရတာလဲ

မောလို့ မောရကောင်းမှန်းမသိ

ရင်ဘတ်ကြီး တစ်ခုလုံး ဟုန်းကနဲ မီးတောက်မှ

အာမေဍိတ်သံ ပြင်းပြင်ထွက်ကျတယ်

“အမေ”

သားလေ

ဆိတ်တစ်ပေါက် ပုံပြင်ကိုလည်း လွမ်းတယ်

ပေါင်မုန့် ထန်းလျက်ရည်ဆမ်းလေးလည်း လွမ်းတယ်

ခရမ်းသီးမီးဖုတ်လေးလည်း လွမ်းတယ်

အဖေမကြိုက်လို့ ခိုးခိုးချက်တဲ့

အမေ့လက်ရာ ကြက်ဟင်းခါးသီးချက်လေးလည်း လွမ်းတယ်

အလွမ်းတကာ့ အလွမ်းတွေထဲ

အမေချော့သိပ်ပုံတွေက ထူးကဲလွန်းတယ် … အမေ

အိမ်ဝေးတဲ့ အချိန်

အလွမ်းသည်းပုံများ

စနေထောင့်က ညို့တက်လာပြန်ပြီ … အမေရယ် ။

မေတ္တာသံတွေ ဆာလောင်မွတ်သိပ်တဲ့ လူငယ်တစ်ယောက်

“ကမ္ဘာပေါ်က အသံလှိုင်းများပေးပါ … အသံလှိုင်းများ … ပေးသနားပါ … ”

တကြော်ကြော်အော်ဟစ်လို့

အမေ့အတွက် နားကြပ်တစ်စုံ အိပ်မက်ခဲ့တယ် … အကြားအာရုံများ ပေးသနားပါ

သုံးနှစ် သုံးမိုး စုဆောင်းမိတဲ့ အိပ်မက်တွေထဲ

အမေဟာ ဖုန်းမိုက်ခွက်ကိုကိုင်ပြီး စကားတွေလှိုင်လှိုင်ပြောခဲ့တယ်

အဲဒီနေ့ သားအိပ်မက် မီးလင်းဖိုလေးဘေး

နှစ်ခြိုက်အိပ်စက်ခဲ့တယ် ။

ကမ္ဘာ့နေရာအချို့မုန်တိုင်းများ တိုက်ခတ်တဲ့အခါ

အမေ့ရင်ခွင်မှာ မေတ္တာလေပြေ သင်းပျံ့ပါတယ်

ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်ရက်စက်မှုများ ထွန်းကားသည့်အခါ

အမေ့ရင်ခွင်မှာ အကြင်နာဓာတ်များ ဖူးပွင့်ပါတယ်

ကမ္ဘာကြီးပူနွေးလာတဲ့ သတင်းတွေသာ ပိုပိုကြားလာမိတယ်

အမေ့မေတ္တာပူလောင်တဲ့ သတင်းများ ခပ်သဲ့သဲ့မျှ မကြားမိပါအမေ … ။

ကမ္ဘာကြီး ယိုယွင်းလာတာနဲ့အမျှ

တန်ဖိုးရှိ ရှားပါးတွေကို မြတ်နိုးလာတတ်ကြပြီ

အဲသလိုမှဖြင့်

သားပြတိုက်မှာ တန်ဖိုးအရှိဆုံးက အမေ့မေတ္တာ

အမေ့ပြတိုက်မှာ အရှားပါးဆုံးက သားဆီကစာတွေပဲထင်ပါရဲ့ အမေ … ။

အမေနဲ့ ဝေးပြီးကတည်းက

အမေပျိုးတဲ့ သစ်ပင်လေး

စာရိတ္တသစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေ

စိတ်ဓာတ်တွေက အရိုးအပြိုင်းပြိုင်းထခဲ့ပြီအမေ … ။

နှင်းတွေက ရှိသမျှအရာဝတ္ထုတွေကို ဖုံးလွှမ်းအေးစက်စေတယ်

အမေ့မေတ္တာက ရှိသမျှသားသမီးကို ဖုံးလွှမ်းအေးမြစေတယ်

အေးခြင်းဆိုတဲ့ အရာနှစ်ခု လားလားကြီး ဆန့်ကျင်ဘက်ပြုလို့ပေါ့ အမေ

အဖြူရောင်မြို့တော်မှာ

ပုရှကင် ၊ တော့စ်တွိုင်း ၊ မာယာကော့ဗ်စကီး

သူတို့အတ္ထုပ္ပတ္တတွေ ခမ်းနားတယ်အမေ

သားရင်ဘတ်မှာ

အမေ့အလှတွေ မဟာဆန်ပုံက

လျှပ်စစ်မီး ထိန်ထိန်ညီးတဲ့ ဟောဒီမြို့ပြ မှိန်ကျသွားရှာတယ်

အမေ …

ရင်ထဲမှာ သိမ်သိမ်မွေ့မွေ့လေး ရေရွတ်ရင်း

ကျွန်တော့် နှလုံးသား ကျောက်စာမှာ

သည်လိုပဲရေးခြစ်ခဲ့ပါတယ်

ကောင်းကင်မှာလမင်း မြေပြင်မှာစမ်းရေ …


ရိုးမြင့်အောင်

(ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀ မှ - )

ထူးအိမ်သင် ခုနှစ်နှစ်










Photo Design : Mg Hla
Credit to : http://www.htooeinthin.com/

ဂီတရေ ...
မင်းရဲ့ရင်ခွင်မှာ
မွှေးကြိုင်သင်းပျံ့လှပနေတဲ့
အနုပညာပန်းတွေ အစဉ်ပွင့်နေတာ
ထူးအိမ်သင်ဆိုတဲ့ ငှက်ကလေးစိုက်ခဲ့လို့ ။

ကိုငှက်ရေ . . .
ခင်ဗျားထွက်ခွာသွားတဲ့
ခုနှစ်နှစ်မှာ
နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ အနုပညာရေး ၊ ဘာသာရေး
ဒီရေးငါးရေးမှာ
ခုနှစ်သိန်းလောက် သရုပ်ဆောင်တွေပွားလို့
ထူးချွန်ဆုတွေရလို့
ခင်ဗျားအခုတော့ စိတ်ညစ်ခြင်းနဲ့ ခပ်ခွာခွာနေရတဲ့
သိပ်ကြိုက်တဲ့ နတ်ပြည်မှာလား ။

“ ကိုငှက် မှန်ရာလုပ် ဟုတ်တာပြောတိုင်း
အသက်ရှည် အနာမဲ့မယ်ဆို
သခင်အောင်ဆန်း ဘာလို့လုပ်ကြံခံရတာတုန်း ” ဆိုတော့
မဟာဝီရ အိုဗုဒ္ဓသီးချင်းဆိုတဲ့ ထူးအိမ်သင်က
“ ဟေ့ ကဗျာဆရာ
ခင်ဗျားစကား သောက်ရမ်းဖောင်းတယ်ဗျာ ” တဲ့
သြော် အခုတော့လည်း
ကျွန်တော့်မှာ မုဒိတာငါးဆယ်
မစ္ဆရိယ ငါးဆယ်နဲ့
အနုပညာသမားတွေနဲ့ အနုပညာလွတ်လပ်ဖို့
ရင်နဲ့ရင်းနေရတုန်း
အမှန်တရားက . . . ဟား ဟား ဟား ဟား ဟား
ခင်ဗျားရယ်ပါ ကိုငှက်ရာ
ရှင်သရွှေ့တော့ ရင်နဲ့ရင်းနေရတုန်း ။ ။

စောဝေ
( Monitor Journal , Vol 1 , No 64 / 07.08. 2011 )



video


(14.08.2004-14.08.2011)

တစ်ထောင့်ကိုးရာ ကိုးဆယ်လေးက ခြေရာများ


ရပ်ကွက်က ရပ်ကွက်လို့

ကင်ပွန်းတပ်နိုင်ရုံသာသာ

လူနေအိမ်ခြေက ပြောင်းဖူးခွေးသွားကျဲတွေလို

ဖရိုဖရဲပစ်ချထားလိုက်တဲ့ အမှိုက်စတွေလို … ။

ဘောင်းဘီသစ် ၊ အင်္ကျီသစ် ၊ ပစ္စည်းသစ်

အသစ်ဆိုရင် အားလုံးအဖြစ်ရှိသယောင်ယောင်

ဒါဆို ကျွန်တော်နေတဲ့မြို့သစ်ကရော … ။

ခေတ်ဟောင်း ခေတ်လယ် ခေတ်သစ်

လူတန်းစား သုံးရပ်လုံးနေထိုင်ကြပါလျှက်

အဲဒီလူတွေ အသက်ရှူကြပါလျှက်

သမ္မာအာဇီဝ ကိုယ့်ဝမ်းကိုယ်ကျောင်းကြပါလျှက်

ပွင့်လင်းမှုတွေ ဖူးပွင့်ကြပါလျှက်

တစ်လုံးချိုင့်ဆိုပြီး ခလုပ်တိုက်ချင်တဲ့သူတွေက

ထု နဲ့ ထေး

အလင်းမပေါက်ခင်ကတည်းက

အနှေးယာဉ်ဆရာက အနှေးယာဉ်ပေါ်

ပန်းရံဆရာက လက်သုံးတော် သံလျက်ဆွဲ

ခေါင်းရွက် ဗျပ်ထိုးသည်တွေက တစာစာအော်

အချို့က ရေခဲချောင်းပုံးဆွဲ

အချို့က ထီတွန်းလှည်းတွန်း

အချို့က ထမင်းချိုင့်ကိုယ်စီ ကိုင်လို့

စစ်ပွဲတစ်ပွဲအတွက် ပြင်ဆင်နေကြပုံ … ။

ညနေဆည်းဆာတိုင်းမှာ

ယစ်ရွှေရည်ဆိုင်က ဆူဆူညံညံ

ကဖေးဆိုင်မှာက လူငယ်အချို့

တိုင်ကီ တစ်ခွက်နဲ့ စကားဝိုင်းဖွဲ့လို့

အချိုးမကျပေမယ့်

ကိုယ်ကျပ်အင်္ကျီဝတ်ထားတဲ့ ဘ၀တွေအကြောင်း …

အရောင်အသွေး မကွဲပြားတဲ့ ၀ါဒတွေအကြောင်း …

အသံထွက် မပီမသနဲ့ စကားလုံးတွေ ဖောင်းပွထွက်ခဲ့ပြီ … ။

ညညဆို

လမ်းထိပ်မီးကင်းတဲက

တစွန်းတစ ဂီတသံတွေ

နှလုံးသားထိ စူးနစ်ဝင်တာလည်းရှိရဲ့ …

ကိုကျော်ကြီးရဲ့ အာဘောင်အာရင်းသန်သန်

ငြင်းဆန်မှုတွေလည်း ကြားရဲ့ …

ဒီလိုနဲ့ပဲ နွမ်းရှနေတဲ့ ရပ်ကွက်လေးဆီ

အိပ်စက်ခြင်းတွေ တိုးတိတ်ညင်သာ စီးဆင်းလျှက် … ။

အဲသလို ရုပ်ကြွတွေ ခန္ဓာအပြည့်နဲ့ ရပ်ကွက်

ဂုဏ်ပကာသနတွေ ဖျစ်ညှစ်ခံရပါတ်ာဆိုမှ

ကံတရားကလည်း ဖက်လည်းတကင်းမဲ့စွာ

ဥပေက္ခာစိမ်းစိမ်းတွေ ပစ်ချကျွေးခဲ့တယ် … ။


ရိုးမြင့်အောင်

မှတ်ချက် ။ ဖေဖော်ဝါရီ ၉ ရက်နေ့က ကျွန်တော်ရဲ့ မြရည်နန္ဒာ အတွက်

မြစ်ကော












Image Link


မြစ်မကောအောင်လို့ သစ်တော တို့စိမ်းရပေမည်

ရေဝေတောတွေ ဆိုင်းလို့မှိုင်းညို့ညို့ မှုန်ရီ

ချင်းတွင်းနဲ့ ဧရာဝတီ ရေပြာကြည်သမျှ မြန်မာ့သွေးရှိ

တစ်တောလုံးပြောင် တစ်တောင်လုံးလင်း

မြစ်ကျဉ်းကာ သောင်တွေပေါ်တော့

နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့

ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား

စိုးကြောက်ဖွယ် အပြစ်သဘောနဲ့

မြစ်ကောမယ့်နေ့

မောင်စိန်ဝင်း (ပုတီးကုန်း)

စာပေဟောပြောပွဲ (မင်္ဂလာဒုံ) မှ

 
©2009 က+ဗျာ+လှည်း | by TNB