နှင်း



တစိမ့်စိမ့် တိုက်နေတဲ့လေ
တငွေ့ငွေ့ရွေ့လျားနေတဲ့
စက်ဗီဇလမ်းမတစ်ခုပေါ်
သူ့ကိုယ် သူတောင်ပြန်မအေးနိုင်ရှာတဲ့လေထဲ

ကျ

လာ

တ ယ်

အဖြူထည်သက်သက်ပါပဲ
နှင်း တွေ . . . ။ ။

ဗသားချော

လွယ်အိတ်ဟောင်းလေး

Image Link

၁၉၉၉ ခုနှစ်
ဇွန်လထဲမှာပေါ့…
အမေ့ရဲ့ စတုတ္ထမြောက် သား
ကျွန်တော့် ရဲ့ စတုတ္ထမြောက် အစ်ကိုလေး ၀ယ်ပေးခဲ့ တယ် ။
ခေတ်နဲ့ တော့ လိုက်လျောညီထွေမှု အဖြစ်ခဲ့ ဆုံးလို့
အဲဒီတုန်းက ထင်ခဲ့ တယ်…
ဖြစ်လည်းဖြစ်ခဲ့ ပါတယ် အဲဒီလွယ်အိတ်လေးပေါ့
လွယ်အိတ်ထဲမှာ…
အနှုတ်နှစ်တစ်ချို့ ရဲ့ ဖြူ စင်မှု့ရှိတယ် ၊
၂၀၀၈ ခုနှစ်ရဲ့ ဆရာဝန် တစ်ယောက်ရှိတယ်
၂၀၀၈ ခုနှစ်ရဲ့ စစ်သားတစ်ယောက် ရှိတယ်
၂၀၀၈ ခုနှစ်ရဲ့ အင်ဂျင်နီယာ တစ်ယောက်ရှိတယ်
အပေါင်းနှစ်တွေရဲ့ မျှော်လင့်ချက်ရှိတယ်
အဲဒီ လွယ်အိတ်ထဲမှာပဲ ကျွန်တော်ကို မွေးဖွားခဲ့တယ်
အဲဒီ လွယ်အိတ်ထဲမှာပဲ ကျွန်တော်က သေဆုံးခဲ့တယ်
အဲဒီ လွယ်အိတ်ထဲမှာပဲ ကျွန်တော်တို့ မွေးဖွားခဲ့တယ်
အဲဒီ လွယ်အိတ်ထဲမှာပဲ ကျွန်တော်တို့ သေဆုံးခဲ့တယ်
အဲဒီလွယ်အိတ်ထဲမှာ……
မြေပေါ်ရောက် ငါးခုံးမတစ်ကောင်လို နှလုံးသားရှိခဲ့ တယ်
ကြွေကျလာတဲ့ ပန်းသီးကို ငုံ့ကြည့်မိတဲ့ နယူတန်လို စိတ်ကူးရှိခဲ့ တယ်
ပေါင်သန်းတော်တော်များများနဲ့ နာမည်ကြီးကလပ်ကို ပြောင်းချင်တဲ့
ကစားသမားတစ်ယောက်ရဲ့ စိတ်ခံစားမှုရှိခဲ့တယ်
တက်မပါ ရွက်မပါ ဆိပ်ကမ်းမသာတဲ့ လှေကလေးတစ်စင်းရှိခဲ့တယ်
လိပ်စာ ကဒ်ပြားပျောက်နေတဲ့ လမ်းညွှန်ဆိုင်းဘုတ် အကျိုး တစ်ခုအောက်က
ခပ် ဝေးဝေး သက်ပြင်းတစ်ချို့ ရှိခဲ့တယ်
.......
.......
.......

အခုတော့ လည်းအဲဒီလွယ်အိတ်လေး
ဟောင်းနွမ်းလို့ အရောင်မပြယ့်တပြယ်နဲ့
အိပ်ခန်းထဲက သံချိတ်မှာ ခပ်တွဲတွဲ မှီလို့……
ဒါပေမယ့် …… သူက
ရှိခဲ့တဲ့ အရောင်နဲ့ ရှိနေတုန်းပဲ …ခပ်တွဲတွဲလေးပေါ့

ဗသားချော

“ပန်းစည်း”




ယဉ်ကျေးမှု မြင့်လာတာလား
ယဉ်ကျေးမှု မြှင့်လာတာလား တော့မသိဘူး ။

သူတို့ မြင့်မြတ်ချင်ကြတဲ့ စိတ်အစဉ်မှာ
ငါ့ကို ကြားဝင်စေခဲ့တယ် ။

ရင်ဘတ်ချင်းအတွေ့မှာ
ငါ့ကို ခဏမေ့တယ် ။

ဒီလိုနဲ့ပဲ
ငါ့မှာတော့
အသွေးစုံ ဖဲကြိုးတွေ ပလတ်စတစ်အိတ်တွေနဲ့ ပေါင်းသင်း
တန်ဖိုးတွေ တရစ်ပြီးတရစ် တက်လို့နေတော့တယ် ။

ဗသားချော

“ကဗျာလှည်း”

ကဗျာတွေကို လှည်းနဲ့သယ်မယ်ဆိုပဲ
နိပ်ပဟ... ဆွဲလိုက်စမ်းကိုယ့်လူ...။

ဘယ်ဘက်ကကောင်
အနုပညာပိုးတွေက အရွယ်နဲ့မလိုက်အောင်
နုထွားကြီးဖြစ်လို့...
စကားလုံးတွေ စကားလုံးတွေ
စိတ်ရှိလက်ရှိ ပစ်ပစ်ထုတ်
ခင်ဗျားရင်အုပ်လည်း မောင်ချောပြောသလို
ကြက်ရင်အုပ် သာသာရယ်...။

လျှာမရှည်တတ်တဲ့ ကောင်မှာ
ဆံပင်ရယ် အရပ်ရယ်က သာမန်ထက်ပိုရှည်လို့...။

ညာဘက်ကကောင်
ထွေထွေထူးထူး မရှိတာတွေပေါင်းစပ်ထားတဲ့ကောင်
တချက်တချက် ပြင်းသယောင် ပျော့သယောင်
ဟိုမရောက် ဒီမရောက်တွေ လှစ်လှစ်ပြတတ်တယ်...။

ကတုံးဆံပင်ပေါက်ကိုမှ သေမလောက်ကြိုက်တယ်...
မူးလာရင် မိုက်ကယ်စကိုဖီးလ် ဖြစ်လို့ဖြစ်
ကိုလေးဖြူ ဖြစ်လို့ဖြစ်နဲ့.....။

အဲသလို... အဲသလို...
ကိုယ်လုံးကိုယ်ဖန်မှာ ဆန့်ကျင်တဲ့လူနှစ်ယောက်
ရင်ဘတ်ချင်းကြ အံဝင်ခွင်ကျ ဖြစ်နေပြန်ရော...။

အဲဒီငတိနှစ်ကောင်က
ကျွတ်ထိုးသလို အဆက်မပြတ် ထိုးထိုးတတ်လာတဲ့
ကဗျာပိုးတွေကို လှည်းနဲ့တင်သယ်ဦးမတဲ့...။

ဟုတ်ကဲ့...
ကျွန်တော်တို့ ရင်ဘတ်တွေနဲ့
ဒီလှည်းကို ဆွဲမယ်..
ကျွန်တော်တို့ စကားလုံးတွေနဲ့
ဒီလှည်းကို တန်ဆာဆင်မယ်...
ကျွန်တော်တို့ စိတ်တွေကို
ဒီလှည်းလေးမှာ နစ်မြုပ်မယ်...
ကျွန်တော်တို့နဲ့ သက်ဆိုင်တာတွေ
အားလုံးအားလုံးကို ပစ်ပစ်တင်ချလိုက်မယ်...။

ကဲ... မိတ်ဆွေ...
လှည်းကြုံလိုက်မယ်ဆို ခုန်သာတက်လိုက်တော့...။ ။

ရိုးမြင့်အောင်

 
©2009 က+ဗျာ+လှည်း | by TNB