ရပ်ကွက်က ရပ်ကွက်လို့
ကင်ပွန်းတပ်နိုင်ရုံသာသာ
လူနေအိမ်ခြေက ပြောင်းဖူးခွေးသွားကျဲတွေလို
ဖရိုဖရဲပစ်ချထားလိုက်တဲ့ အမှိုက်စတွေလို … ။
ဘောင်းဘီသစ် ၊ အင်္ကျီသစ် ၊ ပစ္စည်းသစ်
အသစ်ဆိုရင် အားလုံးအဖြစ်ရှိသယောင်ယောင်
ဒါဆို ကျွန်တော်နေတဲ့မြို့သစ်ကရော … ။
ခေတ်ဟောင်း ခေတ်လယ် ခေတ်သစ်
လူတန်းစား သုံးရပ်လုံးနေထိုင်ကြပါလျှက်
အဲဒီလူတွေ အသက်ရှူကြပါလျှက်
သမ္မာအာဇီဝ ကိုယ့်ဝမ်းကိုယ်ကျောင်းကြပါလျှက်
ပွင့်လင်းမှုတွေ ဖူးပွင့်ကြပါလျှက်
တစ်လုံးချိုင့်ဆိုပြီး ခလုပ်တိုက်ချင်တဲ့သူတွေက
ထု နဲ့ ထေး ။
အလင်းမပေါက်ခင်ကတည်းက
အနှေးယာဉ်ဆရာက အနှေးယာဉ်ပေါ်
ပန်းရံဆရာက လက်သုံးတော် သံလျက်ဆွဲ
ခေါင်းရွက် ဗျပ်ထိုးသည်တွေက တစာစာအော်
အချို့က ရေခဲချောင်းပုံးဆွဲ
အချို့က ထီတွန်းလှည်းတွန်း
အချို့က ထမင်းချိုင့်ကိုယ်စီ ကိုင်လို့
စစ်ပွဲတစ်ပွဲအတွက် ပြင်ဆင်နေကြပုံ … ။
ညနေဆည်းဆာတိုင်းမှာ
ယစ်ရွှေရည်ဆိုင်က ဆူဆူညံညံ
ကဖေးဆိုင်မှာက လူငယ်အချို့
တိုင်ကီ တစ်ခွက်နဲ့ စကားဝိုင်းဖွဲ့လို့
အချိုးမကျပေမယ့်
ကိုယ်ကျပ်အင်္ကျီဝတ်ထားတဲ့ ဘ၀တွေအကြောင်း …
အရောင်အသွေး မကွဲပြားတဲ့ ၀ါဒတွေအကြောင်း …
အသံထွက် မပီမသနဲ့ စကားလုံးတွေ ဖောင်းပွထွက်ခဲ့ပြီ … ။
ညညဆို
လမ်းထိပ်မီးကင်းတဲက
တစွန်းတစ ဂီတသံတွေ
နှလုံးသားထိ စူးနစ်ဝင်တာလည်းရှိရဲ့ …
ကိုကျော်ကြီးရဲ့ အာဘောင်အာရင်းသန်သန်
ငြင်းဆန်မှုတွေလည်း ကြားရဲ့ …
ဒီလိုနဲ့ပဲ နွမ်းရှနေတဲ့ ရပ်ကွက်လေးဆီ
အိပ်စက်ခြင်းတွေ တိုးတိတ်ညင်သာ စီးဆင်းလျှက် … ။
အဲသလို ရုပ်ကြွတွေ ခန္ဓာအပြည့်နဲ့ ရပ်ကွက်
ဂုဏ်ပကာသနတွေ ဖျစ်ညှစ်ခံရပါတ်ာဆိုမှ
ကံတရားကလည်း ဖက်လည်းတကင်းမဲ့စွာ
ဥပေက္ခာစိမ်းစိမ်းတွေ ပစ်ချကျွေးခဲ့တယ် … ။
ရိုးမြင့်အောင်
မှတ်ချက် ။ ဖေဖော်ဝါရီ ၉ ရက်နေ့က ကျွန်တော်ရဲ့ မြရည်နန္ဒာ အတွက်
0 Comments:
Post a Comment