ဗလာလူ



အချီကြီးပဲ
တနင့်တပိုးဖမ်းဆုပ်ရလိုက်တာ
ဝဲပျံထွက်လာတဲ့ စကားလုံးတွေ
ကိုယ့်ခန္ဓာကို ပြန်ညှစ်လို့ ထွက်ကျလာတဲ့
ငွေတိုငွေစလေးတွေ
တုတ်ကောက်ကိုင်စပြုရတော့မယ့် အတွေးအခေါ်တွေ
ဒီထက်ပိုမရခဲ့ဘူး... ။

ကိုယ့်လူတို့... ပါတနာတို့
ကဗျာကို ဇွန်းတတ်ဖျော်ကြ...။

မောင်ချောနွယ်၊ စိုင်းဝင်းမြင့်
ဇေယျာလင်း၊ အောင်ဝေး
ကဗျာတွေ ဒဏ်ခံကြိုးတွေအကြောင်း
ငယ်ပေါင်းကြီးဖော်လို ရင်းနှီးခဲ့ပြီးသား
ရင်အုပ်ကျယ်ကျယ်ကြီးတွေနဲ့ ထည့်သိမ်းထားကြ...။

မင်းတို့ဆီမှာ ရာသီဥတုတွေပြောင်းလဲမှုရှိသေး
ငါ့ရင်ဘတ်မှာ ဥတုသုံးပါလုံး နွေချည်းပဲ
ပူလိုက်တာကွာ
ကိုယ့်တံထွေးကို ပြန်မြိုချမိရဲ့...။

ငါ့အဇ္ဈတ္တ ငါပြန်ကြည့်တိုင်း
ခရီးသည် မရတဲ့ စပယ်ရာတစ်ယောက်မျက်နှာနဲ့
ဟောင်းလောင်းပေါက် ငါ့ယာဉ်ကြီးကို ငါငေးမိပါရဲ့
အစိတ်သားသာသာ ငါ့အသက်မှာ
ငွေကြေးတန်ဖိုးတွေကလည်း ကျလိုက်တာလွန်ပါရော...။

အချီကြီးပါပဲကွာ...
တစ်စတစ်စနဲ့ ကောက်ထည့်လာလိုက်တာ
ငါ့ဦးခေါင်းကြီးက ပေါက်မှန်းမသိပေါက်လို့...။

သွားနှင့်ကြပါ
ငါက ခြေဗလာသက်သက်နဲ့ကောင်ရယ်...။


ရိုးမြင့်အောင်

6 Comments:

Unknown said...

သွားနှင့်ကြပါ
ငါက ခြေဗလာသက်သက်နဲ့ ကောင်ရယ်....
ကဗျာတွေလာဖတ်ဖြစ်ပါတယ် ကောင်းသောနေ့ပါ ကဗျာလှည်းလေး :)

ဖြိုးငယ် said...

ရင်အုပ်ကျယ်ကျယ်နဲ့ကို ထည့်သိမ်းထားပြီဟေ့ ...

summer said...

"အစိတ်သားသာသာ ငါ့အသက်မှာ
ငွေကြေးတန်ဖိုးတွေကလည်း ကျလိုက်တာလွန်ပါရော...။"
အားပေးနေပါတယ်...။ (=

Anonymous said...

ကိုယ့်လူတို့... ပါတနာတို့
ကဗျာကို ဇွန်းတတ်ဖျော်ကြ...။
ဖျော်လိုက်ပါတယ် ကိုရိုးရေ .... ကောင်းလိုက်တဲ့ ကဗျာလေး ထိတယ်မိတယ်

ဆောင်းယွန်းလ said...

မင်းတို့ဆီမှာ ရာသီဥတုတွေပြောင်းလဲမှုရှိသေး
ငါ့ရင်ဘတ်မှာ ဥတုသုံးပါလုံး နွေချည်းပဲ
ပူလိုက်တာကွာ
ကိုယ့်တံထွေးကို ပြန်မြိုချမိရဲ့...။
ကဗျာကောင်းတပုဒ်ပါပဲ ညီလေးရေ
စကားလုံးကောင်းတွေထွက်ကျလာတဲ့ ကဗျာတပုဒ်ပါပဲ

Apprenticeship said...

အရမ်းကြိုက်သွားပီ.. ငါ့ရင်မှာတော့ ဆယ့်နှစ်ရာသီ နွေပဲ ဆိုတဲ့ စာသားလေး။

 
©2009 က+ဗျာ+လှည်း | by TNB