လတစ်စင်းရဲ့ ချစ်ခြင်း




အခုလို

အေးချမ်းလှပတဲ့ နေ့တစ်နေ့မှာပဲ

ငါ့ဘဝရဲ့ … လတစ်စင်းဟာ

ညှို့ဓါတ်အပြည့်နဲ့ လင်းလက်တောက်ပခဲ့တယ်။


လမင်းလေးရေ….

မင်းလိုမယ်ဆို ငါ့ရင်ဟာ ကမ္ဘာမြေဖြစ်တယ်

မင်းလိုမယ်ဆို ငါ့ရင်ဟာ နေတစ်စင်းဖြစ်တယ်

ကိုယ်တိုင်ပဲ မင်းကို အလင်းပေးချင်ပေးရပါစေ

ဒါမှမဟုတ် မင်းအလင်းတွေ ငါ့ပေါ်ပဲကျရောက်ပါစေ

နှမျောတွန့်တိုမှု တစ်စက်မရှိခဲ့ပါဘူး….။

(ကြယ်တာရာတွေတော့ မဖြစ်ချင်ဘူးကွယ်။)


ငါ့ကိုဖမ်းစားဖို့ ဘယ်လိုဆုတောင်းများ ပြည့်ခဲ့သလဲ

နှလုံးတစ်ချက်ခုန်တိုင်း စူးနှစ်ခံစားတယ်

အပြုံးတစ်ချက်မြင်တိုင်း မူးယစ်ခံစားတယ်

မင်းအကြည့်တစ်ချက်အောက်မှာ ငါ့စိတ်တွေ တိုးလျှိုးခစားလို့

ဘဒ္ဒကမ္ဘာမှာ ငါလောက်မင်းကို ချစ်တဲ့သူ ရှိမလားကွယ်။

(မင်းလောက်ငါ့ကို ချစ်တဲ့သူရော ရှိမတဲ့လား။)


ချစ်ခြင်းမေတ္တာဆိုတာ

တစ်ဦးကိုတစ်ဦး မှော်အတတ်နဲ့ ပြုစားလိုက်သလို

ငါ့ခန္ဓာဟာ မင်းစေရာ၊ မင်းခန္ဓာဟာ ငါ့စေရာ

စုတ်တစ်ချက် မသပ်ပါဘူး မင်းစေလိုရာစေ…။


မှောင်မိုက်တဲ့အချိန် ငါ့ကို လမ်းပြပါ

ပူလောင်တဲ့အချိန် ငါ့ကို အေးမြပါ

ကျဆုံးတဲ့အချိန် ငါ့ကို ယုယပါ

လမင်းရေ… ရင်ခွင်တစ်ခုရဲ့ အငွေ့အသက်တွေ

ခပ်နွေးနွေးလေး ပေးပါကွယ်။


လမင်းလေး… မမကျော့ရေ…

မွေးဖွားကတည်းက သောကတွေအပြည့်နဲ့ သူ့အတွက်

ငါဟာ လူရွှင်တော်တစ်ယောက်ဖြစ်တယ်

စိုးရွံ့အားငယ်သူအတွက်

ငါဟာ သူရဲကောင်းတစ်ယောက်ဖြစ်တယ်

၂၉ နှစ်ပြည့် မမကျော့အတွက်

ငါဟာ ရိုးသားတဲ့ ခင်ပွန်းတစ်ယောက်ဖြစ်တယ်

မိုးပျံပူဖောင်းလေးတစ်လုံးလို ဝေ့ဝေ့တက်ရင်း

ချစ်သူလက်ကို မြဲမြဲကိုင်ထားတာ ငါဖြစ်တယ်…။


ရိုးမြင့်အောင် (၁၁.၁၀.၂၀၀၉)


5 Comments:

Unknown said...

လတစ်စင်းရဲ့ချစ်ခြင်းမှာ...နှစ်ပေါင်းများစွား ရှင်သန်ပါစေကိုကြီးရေ..................
ကဗျာလေးခံစားသွားတယ်....။

Ðaywalker[Soul] said...

လာဖတ်တယ်ဗျာ

ညိမ်းညို said...

သူငယ်ချင်းရေ ကြည်နူးချမ်းမြေ့စရာပါပဲကွာ
ဘ၀ခရီးလမ်းကို အတူလက်တွဲကျော်ဖြတ်နိုင်ပါစေ
အစစအဆင်ပြေပါစေကွာ

သက်ထွန်းညိမ်း said...

ကဗျာဖတ်ရတာ ပျော်စရာပါပဲဗျာ
လောကဓံတရားကို အချစ်နဲ့
ကျော်ဖြတ်နိုင်ပါစေကွာ

Unknown said...

ဘဒ္ဒကမ္ဘာမှာ ငါလောက်မင်းကို ချစ်တဲ့သူ ရှိမလားကွယ်။

(မင်းလောက်ငါ့ကို ချစ်တဲ့သူရော ရှိမတဲ့လား။)

အော် ချစ်တတ်လွန်းသူပဲ

 
©2009 က+ဗျာ+လှည်း | by TNB