မန္တလေးတောင်ကို နောက်ဆုံးတက်ခဲ့တယ်

(၁)
အင်ကြင်ကြာအုံက လှပါတယ်
သူ့အလှနဲ့သူ တင့်ဆန်းနေရဲ့
ခပ်မို့မို့ ရင်အုပ်ပေါ်ကလှမ်းမြင်ရတဲ့
သြကာသ လောကကြီးရေ...
ငါဒီလိုပဲ မြင်ယောင်ကြည့်ခဲ့တယ် (မြင်အောင်ကြည့်ခဲ့တယ်)...။

(၂)
ဟောဒီမှာ... ရင်ထဲကမြို့တစ်မြို့
အရင်ကတည်းက ယို့တို့ယိုင်တိုင်ဖြစ်ခဲ့တဲ့မြို့
အမြို့မြို့ဆိုင်တိုင်းက ယားနာပျောက်ဆေးလိမ်းရတဲ့မြို့
မြန်မာရနံ့တွေထောင်းထောင်းထခဲ့တဲ့မြို့
ကမ္ဘာအနှံ့ထိတောင် မသင်းပျံ့နိုင်ရှာတဲ့မြို့
ကိုယ့်ရင်ဘတ်ကို လက်ညှိုးငေါက်ငေါက်မထိုးနိုင်ရှာတဲ့မြို့
ယဉ်ကျေးမှုတွေ အက်ရှလာ
တဖြည်းဖြည်းနဲ့ ကွဲအက်လာ...။

ပြာညို့ညို့တောင်တန်းတွေအောက်မှာ
မြို့ပြကြီးက အိပ်မောကျသွားပြီ
လူတွေလည်း အိပ်မောကျနေပြီ
ဧရာဝတီလည်း ငြိမ်သက်နေပြီ
လောဘ ဒေါသ မောဟတွေကရော...
.................................
.......................
စည်းမဲ့ကမ်းမဲ့လမ်းဖြတ်ကူးလို့...။

(၃)
ဟောဒီမှာ... မြို့ကြီးပြကြီးသားတွေက
ကိုယ့်မြို့ရဲ့ အစွန်အဖျားသားတွေစားကြတယ်
ကိုယ့်ချွေးကို ပြန်သောက်ကြတယ်
ညနေညခင်းဆို ဒီမြို့ဟာ ကိုယ်နဲ့မဆိုင်သလို
ကြွက်နဖားတောင်ဘက်ဆီ အပြင်းနှင်ကြတယ်...။

ဒါပဲ... ဒါပဲလေနဲ့ လူတွေဟာ လက်ညှိုးနဲ့ လက်မကို ထိပြီးဝိုင်းဝိုင်းပြရင်း
အောင်ပင်လယ်၊ ကံသာယာ၊ အောင်သာယာဘက်ဆီ
ဒလိမ့်ခေါက်ကွေး ပြေးပြေးထွက်ကြတယ်...။

ကိန်းကြီးခမ်းကြီးနိုင်တဲ့ မြို့ပြဟာ ကျုံးပတ်လည် တစ်ဝိုက်မှာရှိတယ်
၂၆ ဘီလမ်းနဲ့ ၃၅ အေ လမ်းကြားမှာရှိတယ်
နှစ်ချို့လာမယ့် သမိုင်းစာအုပ်မှာ
လက်ညှိုးထောက်ပြစရာ နေရာတွေအဖြစ်
ထီးထီးမားမား နေရာယူကြတယ်...။

(၄)
မွေးရာပါ အမြင်စောင်းတာလား
မြို့ပြပဲ ဇောက်ထိုးဖြစ်နေတာလား
မြင်ကွင်း မြင်ကွက်တွေက ရက်ရက်ရောရောမရှိလှဘူး...။

မန္တလေးတောင်ကို နောက်ဆုံးတက်တဲ့အခေါက်က
လူတွေစွန့်ခွာနေတဲ့ မန္တလေးကိုမြင်တယ်
ရင့်ရော်လာတဲ့ ရတနာပုံကိုမြင်တယ်
ဈေးမချိုတဲ့ဈေးချိုကို မြင်တယ်...။

ထွေရာလေးပါးတွေးရင်း ကိုယ့်အိမ်ကိုပြန်တော့
ကျုံးကြီးရဲ့ ဟားတိုက်ရယ်မောသံက
နောက်ကျောကနေ နှလုံးသားထိ ဝင်ဝင်တိုက်တယ်....။

ရိုးမြင့်အောင်

6 Comments:

ဖြိုးငယ် said...

ငါ့လူကတော့ ဟုတ်တယ်ဟေ့ ...
ရန်ကုန်ပြီးတော့ မန်းလေး ...
နောက် ဘာလာဦးမလဲ ...

အိုင်လွယ်ပန် said...

ခံစားသွားတယ် ဆြာလွမ်းရေ :)
ကောင်းသောနေ့ဗျာ :)

ဆောင်းယွန်းလ said...

ကဗျာကအသက်ပါလှတယ်

မန္တလေးတောင်ကို နောက်ဆုံးတက်တဲ့အခေါက်က
လူတွေစွန့်ခွာနေတဲ့ မန္တလေးကိုမြင်တယ်
ရင့်ရော်လာတဲ့ ရတနာပုံကိုမြင်တယ်
ဈေးမချိုတဲ့ဈေးချိုကို မြင်တယ်...။

ရင်မောစရာပါလား......

သက်ထွန်းညိမ်း said...

ဖတ်ရတာ အားရလိုက်တာကွာ
ကျုံးကြီးရဲ့ဟားတိုက်ရယ်မောသံက
နောက်ကျောကနေ နှလုံးသားထိ ၀င်ဝင်တိုက်တယ်
တိုက်မှာပေါ့ ငါ့လူရယ် ..မင်းဟာက ရင်ဘတ်ကို
ဆွဲဖွင့်ပြီး လမ်းလျှောက်နေတာကိုး ကွ
အဟဲ

မောင်နွေသစ် said...

ကဗျာကတော့ အားရသလို ရင်ကိုလဲထိတယ်ဗျာ...
အကိုရေ...တွေးတက် ရေးတက်လိုက်တာဗျာ
လေးစားပါတယ်... ကဗျာ ဖတ်ရင်း ၀မ်းနည်းသလို ပျော်သလိုလဲခံစားရပါတယ်...အကိုရေ...

မင်းကျန်စစ်။ said...

မန္တလေးရဲ့ ယဉ်ကျေးမှုတွေ တဖြည်း၂လွင့်ပျယ်လာတာကတော့ နှမျောစရာပဲ
TGRmg

 
©2009 က+ဗျာ+လှည်း | by TNB