မဇ္ဇ



မဇ္ဇ

အတွေးဝင်ရင် ဘာမှကို လုပ်ချင်ကိုင်ချင်စိတ် မရှိ
ငပျင်းကြီးလိုပဲ ခွေခေါက်လူးလှိမ့်
ဆယ်စုနှစ် နှစ်စုကျော် ကြည့်ခဲ့တဲ့မှန်ကို
အခုမှကြည့်ရင်း မလုံမလဲပြုံး
တစ်ယောက်တည်း လျှောက်ရင်း တမ်းတမ်းတတရွတ်
ဝမ်းသာအားရ လက်ခံ ပွေ့ပိုက်ခဲ့မိတဲ့
မဇ္ဇ ။

တပ်မက်ခြင်းက လူကို ပူလောင်စေသတဲ့
တရားအမှန်က သမ္မာဝါစာ ဖြစ်ပေမယ့်
ကိုယ့်ကိုယ်ကိုလည်း ကျားမကန်နိုင်သေးတော့
ငတ်မပြေ မက်မပြေ တက်နေရသေးတာပေါ့
မဇ္ဇ။

တစ်ဘက်ပိတ်ကနေ နှစ်ဘက်ပွင့်
အသေးအနုပ်တွေကလည်း ပြဲ့  ပြဲ့ ထင်ထင်
စာသက်သက် သိခဲ့ဖူးတဲ့ စကားလုံးတွေကလည်း
ရင်ကြားထဲအထိ စိမ့်ပျော်ဝင်နှံ့
မဇ္ဇ ။

အသည်းကွဲ သီချင်းဆို နားမထောင်ဘူး
ရုပ်ရှင်ကြည့်ရင်း မှိုင်တတ် ငိုင်တတ်နေပြီ
ဘယ့်ကလောက် အထိ ပါးပြီး နုနေသလဲဆိုတော့
ဆပ်ပြာပူဖောင်းလေးလို
လေထဲတောင် ရဲရဲမပျံရဲ ( မလွှတ်လိုက်ပါနဲ့ဦး )
မဇ္ဇ။

ကိုယ့်လူ (ရိုးမြင့်အောင်) ရေ ...
ကျုပ်တို့ ရောဂါ ကျွမ်းနေကြပေါ့ ။ ။

ဗသားချော

သွားသွားလာလာ တွန်းတွန်းတိုက်တိုက်


Image link

သွားသွားလာလာ တွန်းတွန်းတိုက်တိုက်


ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့တဲ့
ရှေးစကားရှိခဲ့တယ် ၊ နဂို ရှိမှ နကိုင်းထွက်မယ် ဆိုတယ်
ခုခေတ်မှာ နဂိုရှိဖို့ထက် ပိုက်ဆံရှိရင် နကိုင်း ရှိတာပဲ ၊
ပိုက်ဆံမရှိတော့ လောကကြီးကထင်ထားတာထက် ကျယ်တယ် ၊
ပြောပြောဆိုဆို စပါယ်ယာက ကားခတောင်းတယ် ၊ အကြွေလေးပေးပါ တဲ့
အကြွေဆိုတာ ခြင်္သေ့ တွေကိုခေါ်တယ် ဆိုပဲ ၊ နိစ္စဒူဝ တောထဲဝင် ၊
ခြင်္သေ့ဖမ်းတာဟာ အလုပ်မဟုတ်တော့ဘူး ၊ ပျားယီးပျာယာ တောထဲတိုး
စပါယ်ယာလို ခြင်္သေ့ဖမ်းနေစရာ မလိုဘူး ၊ ကျုံးရှိရမယ် ၊
ဒရိုင်ဘာလို မိန့်မိန့်လေးထိုင် ၊ ဂီယာထိုး ၊ လီဗာနင်း ၊ ဘရိတ်ကိုလိုသလိုသုံး
လက်ကိုင်ခွေကိုထိန်း ၊ ကျုံးသွင်းတတ်ရင် ဆင်လာမယ် ၊
ဆီ ၊ ရေ ၊ လေ ၊ ၀ိုင် မဟုတ်ဘူး ဆင် ၊ ရေ ၊ မီး ၊ ၀ိုင်း
လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ် ၊ ကျားနဲ့ခြင်္သေ့ လယ်ပြင်မှာတွေ့
မြင်တတ်ရင် ဆင်ကပ်မယ် ၊ ဆင်သွားတော့လမ်းတကယ်ဖြစ်တယ် ၊
အကျည်းတန်မှန်ကြိုက်တဲ့ ၊ မှန်ကြည့်ရင်း မှန်ထဲမှာ နကိုင်းလေးများ ပါလေမလားပေါ့ ၊
ဆင်သွားလို့ဖြစ်တဲ့လမ်းဘေး ခြင်္သေ့တစ်ကောင် ဆင်းမယ်ဆရာ ၊
ဟိုး ... ကားရပ်မှဆင်း ... ဆွဲ ။ ။

ဗသားချော



 
©2009 က+ဗျာ+လှည်း | by TNB