မမမိမာရဲ့ လူနာ





အသိအမှတ်ပြု ခံရဖို့ကိုပဲ အဲဒီကြယ်က စောင့်နေခဲ့ရတာပါ

သူဘယ်လောက် လင်းထိန်နိုင်သလဲ ဆိုတာနောက်

ကမ္ဘာမြေက နေ့တာရှည်လွန်း လှတာက အရင်

ကြာပန်း အခင်းကြီးမဟုတ်ပေမယ့်

ကြာတစ်ပွင့်တည်းရှိနေတာနဲ့တင်ကိုပဲ ရေကန်က တင့်တယ်နေပြီ

အလင်းရောင်အပြောင်းအလဲမှာ

မျက်စိ ခဏမှိတ်ထားတာမျိုး မလုပ်ရင်တော့

ပြာရီမှုန်မှိုင်း သွားမှာပဲ

ဆီရွှဲရွှဲဆမ်း ပုဇွန်ခြောက် များများထည့်ယုံနဲ့တော့ လ္ဘက်တွေ ကောင်းမလာနိုင်ဘူး

အဆင်ပြေ အသားကျလွယ်မယ်ဆိုရင်

တိကျမြန်ဆန်တဲ့ သတင်းအချက်အလက်တွေ

ကံကောင်းခြင်း ၊ အောင်မြင်မှု ၊ စိတ်ချမ်းမြေ့ဖွယ်ရာ စသည်ဖြင့် တို့ဟာ

မြန်လေကောင်းလေ ဆိုတာနောက် မသင့်မြတ်တဲ့ ဓာတ်ကြီးက

ဝိုင် ဆိုတာမျိုး ဆေးတံ ဆိုတာမျိုး

ဒါကိုပဲ နေ၀င်ချိန်စောင့်နေရတာ အရသာမို့လား

ကောက်ညင်းတောင် အချိန်မပေးရင် မနပ်ဘူးလေ

မလွတ်မလပ် ရှိနေရတာဟာဘောင်တွေကြောင့်

အဲဒီဘောင်တွေ ဖြစ်လာရတာဟာ လူတွေကြောင့်

အကန့်အသတ်နဲ့ နေထိုင်ကြတာမို့သာပဲ

အလွယ်တကူ ပေါင်းစည်းအသားမကျနိုင်တာပဲ

ပြောလို့ဆိုလို့ ကောင်းမယ်

ပြောယုံလောက်နဲ့ ပြီးမယ် ဆိုရင်တော့လည်း

နားမလည်လို့ အထင်ကြီး ခံရတာတွေ လျော့ပါးနိုင်တာပေါ့

“ မျိုးစေ့မှန်” ဖို့ပဲလိုတာပါလို့ ရှင်သန်မှုက ပြောနေတာပဲ

တကယ်တော့ စိန်ဆိုတာ ခဏခဏ ပွတ်နေစရာလိုတာမဟုတ်ဘူး

လက်တစ်ဖောင်လောက်နဲ့များ ထွက်မယ်ဆိုရင်တော့

လူတိုင်းရေနံ တူးစားနေပြီပေါ့ကွယ်

ဒါပေမယ့် တကယ်တမ်းကျတော့

ကိုယ့်ဟာကိုယ်သာ လက်သီးပုန်းပြနေရတာပါ

တကယ်ပြောချင်နေတာက ဗသားချောဟာ

ကဗျာတွေကို ချစ်နေတယ် ဆိုတာနဲ့တင်ကိုပဲ

ကမ္ဘာကြီးအတွက် အဆိုးတစ်ခု လျော့ပါးခြင်းပဲပေါ့

ချစ်ခြင်းမေတ္တာဆိုတာ ပေးချင်နေတာချည်းပါပဲ မမမိမာရယ် … ။ ။



ဗသားချော

၁၀/အောက်တိုဘာ/၂၁


1 Comments:

MMG said...

ကြာပန်း အခင်းကြီးမဟုတ်ပေမယ့်

ကြာတစ်ပွင့်တည်းရှိနေတာနဲ့တင်ကိုပဲ ရေကန်က တင့်တယ်နေပြီ


ရေမြင့်လို့ကြာတင့်တယ်ဆိုကြတယ်ပဲ သိတာ..ကြာတပွင့်ကြောင့်လဲ ရေကန်လေးတင့်တယ် သတဲ့.. ဒါလဲဟုတ်ပေသား...
ရေလဲမြင့်နိုင် ကြာလဲတင့်နိုင်ပါစေ.. အမြဲတမ်းပေါ့း)

 
©2009 က+ဗျာ+လှည်း | by TNB