ဘယ်လို ဆုံချက်မျိုးနဲ့ တို့တတွေ
အလင်းပြန်မိကြသလဲ
ကိုယ့် ကြယ် ။
ရင်ထဲ သွန်ပစ်လိုက်တဲ့ အတွေးမို့
ညဟာ အိပ်မက် အသိုးတွေနဲ့ ဖိတ်စင်
နှပ်မှန်အောင် မက်ခဲ့
ပြီးပါပြီ ။
လူတွေ အိပ်မောကြကုန်ကြပြီပေါ့ကွယ်
ကိုယ့်မှာ အဝေးက ကြယ်ကလေးကို လွမ်းလို့ ။
၂၈၊၁၁၊၂၀၁၀။
Photo Link
စိတ်ကူးလား အတွေးလား မျှော်လင့်ချက်လား
ချစ်ရောင်ခြည် လင်းခဲ့သော နေ့စွဲများ
အနှေးမှ အမြန် ဖြစ်ပျက်ပြောင်းလဲနေသော
ကံစီမံရာ အရောင်အသွေးများ
မျက်လုံးများဖြင့် ဆွံ့အနေခဲ့သော
နားလည်မှု စိတ်မီးပုံးပျံများ
ကျောက်ဖယားမြစ်ပြင်ပေါ်မှ
အိပ်မက်ဆန်သော ပြကွက်များနှင့်
စီးဆင်းနေသော မေတ္တာ တရား အလုံးအရင်း များ
အဲဒီည က ဆေးပေါင်းခပါတယ်
ကျွန်တော် တို့မှာ ဒဏ်ရာတွေ အဝေးသို့လွင့်စင်
ကြယ်ထောင့်ကွေး လောကအကန့်အသတ်လေးထဲ
ပျော်ဝင်ခဲ့ရသော ပန်း ပွင့် နေ့ရက်များ ။ ။
ဗသားချော
21.11.10
ဝေဒနာ အစုအစုလိုက်လေးတွေကို
တစ်ထောင့်ငါးရာဈေးနဲ့ ချိုချိုသာသာဝယ်မိခဲ့
နားလည်မှုဆေးလေးတွေ နေ့စဉ်တိုက်ကျွေးရင်း
ဒီရောဂါ ရင့်သထက်ရင့် … ။
အခန်းထဲကကျွမ်းသွားတဲ့ မီးသီးထက်
ဦးနှောက်ဘတ်သီးက အရောင်မွဲတေလာ
ကဗျာတွေကို ချောက်ချက်နင်းရ
ရတနာသုံးပါးလည်း မနပ်မှန်
မသန့်စင်ဖြစ်တဲ့ စိတ်တွေကလည်း အခန်းထောင့်တစ်နေရာ
အစီအစဉ်တကျ ဖရိုဖရဲ … ။
ခြောက်ပေကျင်းတွေဆီ ဦးတည်တာချင်းအတူတူ
တပ်မက်မှုတွေ သူ့ထက်ငါ အပြိုင်အဆိုင်ဝယ်
လက်ထဲက အတ္တတွေက အရောင်တလျှပ်လျှပ်
မစ္ဆေရစိတ်တွေ ကိုယ်တွင်းက လျှံကျ
ဇာတာချင်းတူရင် ခင်ဗျားကို ကန်ချမယ်
ကိုယ်ချင်းစာတရားအတွက် နေရာလပ်မရှိ ။
ဟုတ်ဟုတ် မဟုတ်ဟုတ်
လူမှုရေး ရေစီးကြောင်းထဲ မျောပါနေသမျှ
ငါ့အတ္တ ငါသွေး
ငါ့စိတ် ငါသွေး
ငါ့မာန ငါသွေး
ကိုယ့်ရင်ဝ ကိုယ်ပြန်ထိုးစိုက်မိ
အငိုက်မိသမျှ ဒီတစ်ချက် အရှိုက်ခက်ပြီ ။
အဆောက်အဦးတွေ အထပ်မြင့်လာသလောက်
လူတွေရဲ့ စာရိတ္တအလွှာတွေ ပါးလျလာ
တစ်ခုခုနဲ့များ ငြိလေမလားလို့
ကိုယ့်အလွှာပါးလေးကို လုံလုံခြုံခြုံ သိမ်းထုပ်ရင်း
ကိုယ့်တာလေးကို မြေသားလိုက်ဖို့ရင်း
ငါ့နေ၀င်ချိန်တွေဆီ လမ်းလျှောက်ထွက်ခဲ့တယ် ။
ရိုးမြင့်အောင်
Image Link
ထိုင်နေတယ်
....
မပြည့်စုံနိုင်ရှာပဲ ရှူသွင်းနေရတဲ့ ၀င်လေ
မသက်မသာ မဆင်မခြင်ထွက်သွားတဲ့ ထွက်လေ
ထိုင်နေရင်းပဲ မောလာရတဲ့ အသက်
အဲဒါတွေ မပါရင်တော့ သမာဓိလို့ ပြောလို့ရရင် ရမှာပေါ့
အလိုမကျဘူးရယ်လို့ စကားလုံးဖလှယ်ဖို့ကိုမေ့
ဖြစ်ချင်တာတွေ အားလုံးက
စဝေပြီဆိုကတည်းက တစ်ထွေမှ မရတာ
အဆီအငေါ်က အမြဲ လွဲနိုင်လွန်းတော့
ဘာပဲဆိုဆို ဘာပဲပြောပြော ဘယ်လိုပဲလာလာ
အလွဲပဲ ထင်တတ်တော့တယ်/ပြန်ပြောနေချင်မိတယ်
တစ်ယောက်တည်းပဲ အသက်ဝင်တဲ့ ပြစ်ဒဏ်ဘောတွေ
တစ်ယောက်တည်းပဲ စိုးရိမ်တဲ့ ကျန်းမာရေး အစီရင်ခံစာတွေ
တစ်ယောက်တည်း ကစားရင်း ရှုံးနိမ့်
တကယ်ပြောရမယ်ဆို (ပြောကိုပြောချင်တာ)
ယဉ်ကျေးသူများရဲ့ လူ့ယဉ်ကျေးမှု တစ်ရှုးဖတ်ဟာ
ရင်ဘတ်တွေကို နင်းပြီးတော့မှ
ထွက်ကျလာတဲ့ အဖြေတစ်ခုပါ
ဘာမှန်း မသိလို့ အဓိပ္ပါယ်မဲ့နေတာ
အဲဒီ အဓိပ္ပါယ် မဲ့နေတာကိုပဲ ဘာလို့ ထိုင်နေမိပါလိမ့်
မျက်စေ့ထဲ ၀င်းဝင်းလက်လက်နဲ့
ရှုပ်ရှုပ် ခတ်ခတ် ရုတ်ရုတ် သဲသဲ ဖြစ်တယ်
ဥသြဆွဲသံ ....
ဒါဖြင့် ရထား ... လာ .... နေ ..... တာ ..
သြော်
ငါ .. စောင့်နေတာပါလား ။ ။
ဗသားချော