ကျွတ်ထိုးသံ အပိုင်းအစများ


ဝေဒနာ အစုအစုလိုက်လေးတွေကို

တစ်ထောင့်ငါးရာဈေးနဲ့ ချိုချိုသာသာဝယ်မိခဲ့

နားလည်မှုဆေးလေးတွေ နေ့စဉ်တိုက်ကျွေးရင်း

ဒီရောဂါ ရင့်သထက်ရင့် … ။

အခန်းထဲကကျွမ်းသွားတဲ့ မီးသီးထက်

ဦးနှောက်ဘတ်သီးက အရောင်မွဲတေလာ

ကဗျာတွေကို ချောက်ချက်နင်းရ

ရတနာသုံးပါးလည်း မနပ်မှန်

မသန့်စင်ဖြစ်တဲ့ စိတ်တွေကလည်း အခန်းထောင့်တစ်နေရာ

အစီအစဉ်တကျ ဖရိုဖရဲ … ။

ခြောက်ပေကျင်းတွေဆီ ဦးတည်တာချင်းအတူတူ

တပ်မက်မှုတွေ သူ့ထက်ငါ အပြိုင်အဆိုင်ဝယ်

လက်ထဲက အတ္တတွေက အရောင်တလျှပ်လျှပ်

မစ္ဆေရစိတ်တွေ ကိုယ်တွင်းက လျှံကျ

ဇာတာချင်းတူရင် ခင်ဗျားကို ကန်ချမယ်

ကိုယ်ချင်းစာတရားအတွက် နေရာလပ်မရှိ

ဟုတ်ဟုတ် မဟုတ်ဟုတ်

လူမှုရေး ရေစီးကြောင်းထဲ မျောပါနေသမျှ

ငါ့အတ္တ ငါသွေး

ငါ့စိတ် ငါသွေး

ငါ့မာန ငါသွေး

ကိုယ့်ရင်ဝ ကိုယ်ပြန်ထိုးစိုက်မိ

အငိုက်မိသမျှ ဒီတစ်ချက် အရှိုက်ခက်ပြီ

အဆောက်အဦးတွေ အထပ်မြင့်လာသလောက်

လူတွေရဲ့ စာရိတ္တအလွှာတွေ ပါးလျလာ

တစ်ခုခုနဲ့များ ငြိလေမလားလို့

ကိုယ့်အလွှာပါးလေးကို လုံလုံခြုံခြုံ သိမ်းထုပ်ရင်း

ကိုယ့်တာလေးကို မြေသားလိုက်ဖို့ရင်း

ငါ့နေ၀င်ချိန်တွေဆီ လမ်းလျှောက်ထွက်ခဲ့တယ်


ရိုးမြင့်အောင်

1 Comments:

ခင်မာလာအောင်(so cool ) said...

ခြောက်ပေကျင်းတွေဆီ ဦးတည်တာချင်းအတူတူ

တပ်မက်မှုတွေ သူ့ထက်ငါ အပြိုင်အဆိုင်ဝယ်

လက်ထဲက အတ္တတွေက အရောင်တလျှပ်လျှပ်

မစ္ဆေရစိတ်တွေ ကိုယ်တွင်းက လျှံကျ

ဇာတာချင်းတူရင် ခင်ဗျားကို ကန်ချမယ်

ရေးထားတာ တကယ်ရှတယ်...
အားကျတယ် အကိုတို့ရေ...
အခုမှ ကဗျာရေးဖို့ ကြိုးစားနေတဲ့သူပါ..
link ယူသွားခွင့်ပြုပေးပါ..

 
©2009 က+ဗျာ+လှည်း | by TNB